Thursday, May 7, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး၈ လေးလုံးကို မြန်မာ့ဒီမိုကရေစီရင်းမြစ်နေ့အဖြစ် မော်လမြိုင်တွင်ကျင်းပ

    ၈ လေးလုံးကို မြန်မာ့ဒီမိုကရေစီရင်းမြစ်နေ့အဖြစ် မော်လမြိုင်တွင်ကျင်းပ

    -

    စန္ဒာဉာဏ်(မော်လမြိုင်၊ သြဂုတ် ၈)

    ၈၈၈၈ အရေးတော်ပုံ ၃၁ နှစ်ပြည့်အခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ရင်းမြစ်နေ့အဖြစ် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ တောင်ပေါက်ကျောင်းတိုက်၌ ယနေ့တွင် ကျင်းပခဲ့သည်။

    အောက်မေ့ဖွယ်အခမ်းအနားလုပ်ရုံမျှမဟုတ်ဘဲ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ကြီးကျယ်ခဲ့သော နေ့ရက်တစ်ခုကို ဆက်လက်ထိန်းသိမ်းလိုသောကြောင့် မြန်မာ့ဒီမိုကရေစီ ရင်းမြစ်နေ့အဖြစ် ကျင်းပရခြင်းဖြစ်ကြောင်း အခမ်းအနားဖြစ်မြောက်ရေးတာဝန်ခံ ဦးကျော်ကျော်မိုးက ပြောသည်။

    “ဒီနေ့သည် မြန်မာ့ဒီမိုကရေစီ ရင်းမြစ်နေ့လို့ ကျွန်တော်တို့ သုံးတာပေါ့နော်၊ တကယ်တော့ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ၂၈ ကြိမ်မြောက်ကတည်းက ထုတ်ပြန်ချက်တွေထုတ်ခဲ့တယ်၊ ဒါပေမယ့် မကျယ်ပြန့်ခဲ့ဘူး။ ဘာကြောင့် မြန်မာ့ဒီမိုကရေစီ ရင်းမြစ်နေ့လို့ ကျွန်တော်တို့ သုံးလဲဆိုတော့ ဒီဟာသည် ကျွန်တော်တို့ အောင်ပွဲလည်းမဟုတ်ဘူး၊ အစပြုပြီး အမြစ်တည်လာတာ ဒီအမြစ်ကနေပြီးတော့ ပင်စည်၊ အကိုင်း၊ အခက်၊ အသီး၊ အပွင့် ဒါတွေဖြစ်လာတာ” ဟု ၎င်းက ဆိုသည်။

    ၈ လေးလုံးကာလ ၃၁ နှစ်ပြည့်မြောက်ခဲ့သော်လည်း ယနေ့တွင် ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့် မရရှိသေးကြောင်း၊ အာဏာရအစိုးရအနေဖြင့် ပြည်သူ၏လိုလားချက်ကို အလေးနက်ထားဆောင်ရွက်ပေးဖို့ လိုအပ်သည်ဟု မွန်ညီညွတ်ရေးပါတီကိုယ်စားလှယ်အဖြစ် အခမ်းအနားတက်ရောက်လာသူ နိုင်လယိတမကဆိုသည်။

    “ထိုနည်းတူစွာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကလည်း ယနေ့အချိန်ထိ အစမပျိုးရသေးဘူး အဲဒါကြောင့်မို့ သွေးမြေကျခဲ့တဲ့ ပြည်သူရဲဘော်အပေါင်းကို အသိအမှတ်ပြုမယ်ဆိုရင် ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံကို ဦးတည်သွားဖို့လိုတယ်။ တိုင်းရင်းသားတွေလိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်သွားဖို့လိုတယ်” ဟု ၎င်းက ဆက်ပြောသည်။

    ယင်းအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ မွန်ပြည်နယ်ရှိကျောင်းသားသမဂ္ဂများနှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

    ၎င်းအပြင် ကိုယ်စားလှယ်များမှ သဝဏ်လွှာများ အသီးသီးဖတ်ကြားခဲ့ပြီး အရေးတော်ပုံတွင် ကျဆုံးသွားသူများ၏ မိသားစုဝင်များကို ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

    ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံတွင်ကျင်းပသော အခမ်းအနားတွင် သြဂုတ်လ ၈ ရက်နေ့ကို ၈ လေးလုံးဒီမိုကရေစီ အရေးတော်ပုံနေ့အဖြစ်ကြေငြာခဲ့သည့်အပြင် နှစ်စဉ် ဒီမိုကရေစီနေ့အဖြစ် တရားဝင်သတ်မှတ်ပေးရန် မန္တလေးမြို့တွင်လည်း တောင်းဆိုခဲ့ကြသည်။


    Photo- မော်လမြိုင်မြို့ ၈ လေးလုံးအခမ်းအနား(MNA)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks