Homeသတင်းလဝကရုံးသို့ ပွဲစားကတစ်ဆင့်မလာရန် ပြည်သူများကို အသိပေး

လဝကရုံးသို့ ပွဲစားကတစ်ဆင့်မလာရန် ပြည်သူများကို အသိပေး

-

စန္ဒာဉာဏ်(မော်လမြိုင်၊ ဇူလိုင် ၂၉)

ပြည်သူများအနေဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိစ္စရပ်များနှင့် ပတ်သက်၍ ကြားပွဲစားများမှတစ်ဆင့် မဆောင်ရွက်ကြရန် မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က ပြောသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ သက်ဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

“အဓိက ပြည်သူကို အသိပေးလိုတာက ပွဲစားနဲ့ မသွားပါနဲ့ ဘာကြောင့်လဲဆိုတော့ ပွဲစားနဲ့သွားရင် ပွဲစားကိုပေးရမယ် နောက်တစ်ခါ အသံက ဘာထွက်မလဲဆိုတော့ ငါတို့မှတ်ပုံတင်လုပ်တာ ခြောက်သောင်းကုန်တယ် ခုနစ်သောင်းကုန်တယ် ဟာ ဒါဆိုရင်ပွဲစားနဲ့မသွားရင် လုပ်ရတာအဆင်မပြေဘူး အဲလိုမျိုးတွေလည်းရှိတာကိုး။ ဆိုတော့ အဆင်ပြေအောင် ဝန်ထမ်းတွေကို ညွှန်ကြားထားတယ် အဆင်ပြေအောင် လုပ်ပေးပါ” ဟု၎င်းကဆိုသည်။

ပြည်သူများ နားမလည်သည်ကို အဆင်ပြေပြေ မေးမြန်းနိုင်ရန် မြို့နယ်လဝကရုံးတိုင်းတွင် Information ကောင်တာ ထားရှိရန် စီစဉ်နေပြီး မှတ်ပုံတင်ရမည့်ရက်ချိန်းကို တိုကင်စနစ်ဖြင့် မြို့နယ်ဦးစီးမှူးက တစ်ခါတည်း သတ်မှတ်ပေးရမည်ဟုပြောသည်။

“ဝန်ထမ်းတွေဘက်ကလည်းပဲ Mindset က ပြင်ထားရမယ် ငါတို့က ပြည်သူကို ဝန်ဆောင်မှုပေးရမယ့် အဖွဲ့အစည်း ငါတို့လုပ်လိုက်တဲ့ အပြုအမူတွေက အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တယ် စသဖြင့်ပေါ့ ဒါကိုသိထားရမယ်” ဟု ဝန်ကြီးကဆက်ပြောသည်။

လက်ရှိအနေအထားတွင် ပိုက်ဆံပေးမှ မှတ်ပုံတင်ချက်ချင်းရသည့် ပုံစံမျိုးဖြစ်နေသည့်အပြင် ကျေးလက်ပြည်သူများမှာ ရုံးပိုင်းဆိုင်ရာကိစ္စများကို နားမလည်ကြသဖြင့် ကြားထဲကအဆင်ပြေအောင် ဆောင်ရွက်ပေးသည့် ပွဲစားများကို အားကိုးနေကြသည်ဟု သံဖြူဇရပ်မြို့နယ်၊ အံခဲကျေးရွာမှ ဦးအောင်ချစ်ကပြောသည်။

“ဥပမာဆိုရင် ရွာကလူတွေက မှတ်ပုံတင်လုပ်ဖို့ ရုံးကိုသွားတဲ့အခါ အော်တာငေါက်တာ ခံရရင် မသွားရဲကြတော့ဘူး။ အဲဒီတော့ ရွာထဲက ပွဲစားတစ်ယောက်ယောက်ကို ခေါ်ပြီးသွားရတယ်။ အခုထက်ထိ အဲလိုရှိနေသေးတယ်” ဟု ၎င်းကဆက်ပြောသည်။

ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သော ဦးထွန်းမင်းအောင်ကို မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် လဝက ကိစ္စရပ်များနှင့် ပတ်သက်၍ Immigrationhr Monstate Minister Office အမည်ရှိ တရားဝင်လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြည်သူများမှ တိုက်ရိုက်ဆက်သွယ်နိုင်သည်ဟု သိရသည်။

Photo-ဝန်ကြီးဦးထွန်းမင်းအောင်နှင့် လဝကအရာရှိများ(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts