Homeသတင်းငါးဖမ်းပိုက်ချက် လေလံတင် ရောင်းချငွေ ကျပ်သိန်း ၈၀၀၀ ကျော်ရရှိ

ငါးဖမ်းပိုက်ချက် လေလံတင် ရောင်းချငွေ ကျပ်သိန်း ၈၀၀၀ ကျော်ရရှိ

-

စန္ဒာဉာဏ်(မော်လမြိုင်၊ ဇူလိုင် ၂၆)

မွန်ပြည်နယ်တွင် မြစ်ချောင်းငါးဖမ်းပိုက်ချက်များ လေလံစနစ်ဖြင့် ရောင်းချခြင်းမှ ပထမရက်တွင် ပြည်နယ်ရံပုံငွေကျပ် သိန်း ၈၀၀၀ ကျော်ရရှိခဲ့သည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်အတွက် ဘက်ဂျက်ငွေ ကျပ် သိန်း ၇၀၀၀ ကျော်ရရှိရန် လျာထားသော်လည်း တစ်ရက်တည်းတွင် ကျပ် သိန်း ၈၀၀၀ ကျော်ရရှိပြီး ဖြစ်သောကြောင့် လျာထားချက်ထက်ကျော်လွန်နေသည်။

“ငါးလုပ်ငန်းဦးစီးဌာနကတော့ ပြည်နယ်ဘက်ဂျက်ကို အဓိကရှာဖွေပေးနေတဲ့ ဌာနဆိုင်ရာတစ်ခုဖြစ်တယ်၊ ဒါပေမယ့် ကျွန်တော်တို့မွန်ပြည်နယ်မှာ ဒီလိုအခွန်ဘဏ္ဍာရနေဖို့ တစ်ခုတည်းလည်း ဦးတည်လို့မရဘူး။ အဓိက သယံဇာတထိန်းသိမ်းဖို့ကလည်း အရေးကြီးတယ်” ဟု မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ပေါင်၊ မုဒုံမြို့နယ်တို့မှ ငါးဖမ်းပိုက် အထူးတင်ဒါ ၁၀၈ ချက်ကို မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတွင် လေလံဆွဲခဲ့ရာ ၈၈ ချက် ရောင်းထွက်ခဲ့သည်ဟု ဆိုသည်။

ယမန်နှစ်က ကျပ်သိန်း ၃၀၀ ခန့် စျေးပေါက်သော အတ္ထရံမြစ်ကြောင်းအတွင်းရှိ ငါးဖမ်းပိုက်ချက်အမှတ် (၄) ကို ယခု ကျပ် ၅၇၅ သိန်းဖြင့် စျေးအများဆုံး ပေးဝယ်သွားပြီး ရောင်းမထွက်သေးသော ပိုက်ချက်များကို လာမည့်ဇူလိုင်လ ၂၉ ရက်နေ့တွင် ထပ်မံလေလံတင်သွားမည်ဟု သိရသည်။

ငါးရများသည့် မြစ်ကြောင်း ပိုက်ချက်နေရာများသည် လေလံစျေးမြင့်လေ့ရှိပြီး ငါးသားပေါက်ချိန် မေ၊ ဇွန်၊ ဇူလိုင်တွင် ငါးဖမ်းခွင့် ပိတ်လိုက်ခြင်းကြောင့် ဝင်ငွေလျော့သွားသော်လည်း တင်ဒါကြေးမှာ ၂ ဆခန့်မြင့်တက်သွားသည်ဟု လေလံဆွဲသူအချို့ကပြောသည်။

“ဘယ်လိုအခက်အခဲဖြစ်လဲဆိုတော့ အခုလိုပေါ့ဗျာ ရာသီချိန်ကတော့ ပိတ်သိမ်းချိန်ဖြစ်သွားပြီ ငါးရနေတဲ့အချိန်မှာ ပိတ်လိုက်တဲ့အတွက် အခုလို တင်ဒါကြေးအများကြီးနဲ့ ဆွဲရတဲ့အတွက် နည်းနည်းတော့ နစ်နာတာပေါ့” မော်လမြိုင်မြို့မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ကိုအာကာထိုက်ကပြောသည်။

၎င်းအပြင် ငါးဖမ်းပိတ်သည့်ရာသီများတွင် ငါးပိုရသည့်အတွက် တာဝန်ရှိသူများအနေဖြင့် ငါးမဖမ်းရရာသီကို ရှေ့တစ်လခန့်တိုးပေးစေလိုသည်ဟု ၎င်းကဆက်ပြောသည်။

မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ငါးလုပ်ငန်းဆိုင်ရာ အခွန်ငွေ ကျပ် သိန်း ၁၄၆၀၀ ကျော်၊ ၂၀၁၇-၂၀၁၈ တွင် ကျပ် သိန်း ၇၄၀၀ ကျော်နှင့် ၂၀၁၈ မီနီဘက်ဂျက်တွင် ကျပ်သိန်း ၉၃၀၀ ကျော်ရရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

Photo-အထူးတင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်းအခမ်းအနား(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts