spot_img
Saturday, April 27, 2024
More
    spot_img
    Homeသတင်းMCL ဘိလပ်မြေစက်ရုံဟာ ပျားတောင်ဒေသအတွက် အမွေဆိုးတွေချန်ပေးနေသလား

    MCL ဘိလပ်မြေစက်ရုံဟာ ပျားတောင်ဒေသအတွက် အမွေဆိုးတွေချန်ပေးနေသလား

    -

    ဝံသမွန်

    မွန်ပြည်နယ်မှာ ပျားတောင်ဒေသလို့ခေါ်တဲ့ ကျိုက်မရောမြို့နယ်ဟာ အတ္ထရံမြစ်ရစ်ခွေစီးဆင်းကာ သဘာဝ တောတောင်အလှအပတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒေသခံတွေကလည်း ရာဘာ၊ စပါးနဲ့ တံငါလုပ်ငန်း တွေကိုသာ အဓိကအားထားလုပ်ကိုင်ပြီး မွန်နဲ့ ကရင်လူမျိုးတို့သာ အများစုနေထိုင်ကြတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

    အတ္ထရံမြစ်ကိုအမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ ပျားတောင်ဒေသခံတွေအတွက် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလမှာ စတင်လည်ပတ်ခဲ့တဲ့ (MCL) ဘိလပ်မြေစက်ရုံဟာ တစ်နေ့ကိုဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်လျက်ရှိပြီး စက်ရုံအတွက်လိုအပ်တဲ့ လျှပ်စစ်လုံလောက်မှု ရရှိဖို့အတွက် ကျောက်မီးသွေးအသုံးပြု လည်ပတ်နေတဲ့အတွက် ထိုစက်ရုံဟာ သူတို့အနာဂတ်အတွက် အန္တရာယ်ရှိတဲ့အရိပ်မည်းတစ်ခုဖြစ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

    ထိုသို့ကျောက်မီးသွေးသုံးစွဲပြီး လည်ပတ်တဲ့အတွက်ကြောင့်လည်း MCL ဘိလပ်မြေစက်ရုံဟာ ဒေသခံတွေရဲ့ ကန့်ကွက်မှုကိုအကြိမ်ကြိမ်ခံခဲ့ရတဲ့ စက်ရုံတစ်ခုလည်းဖြစ်ပါတယ်။


    Photo- MCL ဘိလပ်မြေစက်ရုံ(MNA)

    အတ္ထရံမြစ်ကိုအမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ဒေသခံတွေဟာ မိုးတွင်းကာလ ရေတက်ချိန်မှာ ကျောက်မီးသွေး တင်ဆောင်ထားတဲ့ သင်္ဘောကြီးတွေ မြစ်အတွင်းဖြတ်သန်းသွားလာမှုကြောင့် ကမ်းနံဘေးမှာ ရှိတဲ့နေအိမ်အချို့ လှိုင်းပုတ်ဒဏ်ကြောင့် နေအိမ်နံရံတွေ ကွဲအက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “အခုလိုဖြစ်တာက ၃ နှစ်လောက်ရှိပြီ ဒီနှစ်ကအများဆုံးပဲ၊ အိမ်ကောင်းကောင်းဆောက်ထားပြီး အခုလိုဖြစ်သွားတယ်ဆိုတော့ စိတ်တော့မကောင်းဘူးပေါ့၊ ပြန်ပြင်ဖို့ကမဖြစ်တော့ဘူး၊ အက်နေတဲ့ဘက်ကို ဖြိုချဖို့ပဲရှိတော့တယ်” လို့ နေအိမ်နောက်ဖေးဘက်နိမ့်ကျသွားတဲ့ အိမ်ပိုင်ရှင် မိချိုက ပြောပြထားတာပါ။

    အတ္ထရံမြစ်ကြောင်းတစ်လျှောက်မှာ နှီးတုံ၊ ကွမ်ငန်း၊ ပေါက်တော၊ ကတုံစိ၊ ကော့ဒွန်း၊ ကော့ပနော့နဲ့ မယ်ဂရို စတဲ့ကျေးရွာတွေရှိပြီး လက်ရှိ လှိုင်းပုတ်ဒဏ်ကြောင့် နေအိမ်နံရံတွေကွဲအက် နေသလို၊ ဘိလပ်မြေထုတ်ဖို့ ကျောက်တောင်ဖြိုချတဲ့အတွက် မိုင်းခွဲပြီးကျလာတဲ့ကျောက်ခဲတွေကြောင့်လည်း အနီးပတ်ဝန်းကျင်ရှိ လယ်ယာမြေတွေ ပျက်စီးသွားတာတွေလည်းရှိတယ်လို့ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

    “တောင်နဲ့နီးတဲ့ လယ်မြေတွေဆိုရင်ပိုပြီးပျက်တယ်၊ နောက်တစ်ခုလယ်သမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေက စပါးရိတ်သိမ်းချိန်မှာ ကောက်လှိုင်းစပါးတွေထဲ ကျောက်မှုန်တွေဝင်တယ်၊ စပါးကြိတ်ပြီး ပြန်ရောင်းတဲ့အခါမှာ ဈေးကောင်းကောင်းမရတဲ့အတွက် လယ်သမားတွေအတွက် အရှုံးပေါ်တယ်” ဒါကတော့ ကွမ်ငန်းဒေသခံ တစ်ဦးဖြစ်တဲ့ ဦးအောင်ရှင်က ပြောပြထားတာပါ။

    လက်ရှိအချိန်မှာ MCL ဘိလပ်မြေစက်ရုံကို ဝင်ထွက်နေတဲ့ ကျောက်မီးသွေးတင်သင်္ဘောတွေဟာ တစ်နေ့ ၆ စင်းအထိရှိနေပြီး သင်္ဘောဖြတ်သန်းမှုကြောင့် မြစ်ကမ်းနံဘေးမှာရှိတဲ့အိမ်တွေမှာ နေအိမ်နံရံတွေ အက်ကွဲကာ တစ်ချို့နေအိမ်တွေဆိုရင် အိမ်နောက်ဘေးဘက်မှာ နိမ့်ဝင်သွားတဲ့အထိ ဖြစ်နေတာကိုတွေ့ရပါတယ်။

    အခုလိုဖြစ်နေတဲ့အခြေအနေဟာ ကျေက်မီးသွေးတင်တဲ့ သင်္ဘောတွေဝင်ထွက်မှုကြောင့်လား၊ မြစ်ကမ်းဘေးမှာ ရှိတဲ့ အောက်ခံမြေသားတွေပျော့ပြီး ဖြစ်တာလားဆိုတာကို ပညာရှင်တွေပဲ သုံးသပ်နိုင်မယ်လို့ ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောပါတယ်။

    “ဒေသခံတွေရဲ့ ပြောပြချက်အရကတော့ MCL သင်္ဘောတွေဝင်ထွက်လို့ ကွဲတယ်လို့ပြောတယ်၊ ဒါတွေလည်း လှိုင်းပုတ်လို့ဖြစ်တာလား၊ သူ့ဟာသူ မြစ်ကမ်းဘေးမှာ မြေပျော့လို့ အခုလိုဖြစ်တာလားဆိုတာက အင်ဂျင်နီယာပိုင်းက စိစစ်ပြီးမှသိနိုင်မယ်” လို့သူက ဆိုပါတယ်။


    Photo- အက်ကွဲနေသည့်နေအိမ်တစ်အိမ်(MNA)

    ပျားတောင်ဒေသ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေဟာ မိရိုးဖလာလုပ်ကိုင်လာကြတဲ့ လယ်ယာ လုပ်ငန်းတွေ၊ ငါးဖမ်းတဲ့လုပ်ငန်းတွေနဲ့သာ အသက်မွေးဝမ်းကျောင်းနေကြတဲ့အတွက် အခုလိုသင်္ဘောကြီးတွေ ဝင်ထွက်နေတဲ့အတွက်ကြောင့် တံငါသည်တွေလည်းငါးဖမ်းရာမှာ အခက်တွေ့နေတယ်လို့ ဆိုကြပါတယ်။

    မိုးတွင်းကာလမှာ မြစ်ကမ်းဘေးမှာနေတဲ့အိမ်တွေဟာ ဒီရေတက်တဲ့အချိန်နဲ့ ကျောက်မီးသွေးတင်တဲ့ သင်္ဘောကြီးတွေ ဖြတ်ပြီးဖြစ်ပေါ်လာတဲ့လှိုင်းလုံးတွေကြောင့် အိမ်နံရံတွေပြိုရခြင်းဖြစ်တဲ့အတွက် စက်ရုံဘက်က တာဝန်ရှိတယ်လို့ ကျိုက်မရောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က သူ့ရဲ့အမြင်ကိုပြောပါတယ်။

    “သင်္ဘောကတစ်စီးတည်းမဟုတ်ဘူး၊ တစ်ခါတစ်လေ သင်္ဘောက ၄ စီး ၅ စီးအဲ့လိုတောက်လျှောက် ဝင်လာတယ်၊ ရှေ့ကသွားတဲ့သင်္ဘော လှိုင်းမကုန်သေးဘူး၊ နောက်တစ်စီးကတက်လာတယ်၊ ဆိုလိုတာက လှိုင်းရဲ့ပုတ်ခတ်မှုဒဏ်က တစ်စီးပြီးသွားလို့ပျောက်သွားတာ မဟုတ်ဘူးနောက်တစ်စီးက ရောက်လာပြန်ပြီးဆိုတော့ ဒီအိမ်တွေကခံရတာ ထင်ရှားတယ်၊ သူတို့ဘက်က သူတို့သင်္ဘောမဟုတ်ဘူးလို့ ဘယ်လိုပဲပြောပြော၊ သူတို့ပစ္စည်းတွေကိုသယ်ယူနေတယ်ဆိုတော့ တာဝန်ရှိတယ်”လို့ ဒေါ်ခင်မျိုးမြင့်က ဆိုပါတယ်။

    ထိုကိစ္စနဲ့ပတ်သက်ပြီး ဒေသခံဘက်ကနစ်နာမှုအတွက် ကုမ္ပဏီဘက်က ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာကို မေးမြန်းထားပေမယ့်လည်း ကုမ္ပဏီဘက်က အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ ဒေါ်ခင်မျိုးမြင့်က ဆိုပါတယ်။
    ပျားတောင်ဒေသဝန်းကျင်တဝိုက်မှာရှိတဲ့ ကျိုက်မရောမြို့နယ်၊ ဒေသခံပြည်သူတွေ အစဉ်တစိုက် အသက်မွေးဝမ်းကျောင်း၊ အမှီပြုနေထိုင်လာခဲ့ကြတဲ့ လယ်ယာမြေတွေ၊ တောတောင်သဘာဝအလှတွေ၊ စီးဆင်းနေတဲ့အတ္ထရံမြစ်ကြောင်းတွေကိုလည်း ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကြောင့် တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကိုလည်း ဒေသခံတွေကစိုးရိမ်နေကြပါတယ်။

    ၂၀၁၃ ခုနှစ်မေလ (၇) ရက်နေ့မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ ခွင့်ပြုချက်ရပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်မှာ တစ်နေ့ဘိလပ်မြေ တန်ချိန် ၅ ထောင်ထုတ်လုပ်လျက်ရှိတဲ့ အကြီးစားဘိလပ်မြေစက်ရုံ တစ်ခုဖြစ်ပါတယ်။

    ကျိုက်မရောမြို့နယ်အတွင်းမှာ အကောင်အထည်ဖော်ဖို့ဆောင်ရွက်လျက်ရှိတဲ့ ဇေကမ္ဘာ ဘိလပ်မြေစက်ရုံ၊ ဂျွန်ဘိလပ်မြေစက်ရုံ၊ MCL စက်ရုံ၊ လယ်သမားကြီးဖိုးရာဇာ၊ ခနောက်စိမ်းမိုင်း၊ စတဲ့ကုမ္ပဏီ ၅ ခုလောက် ရှိတဲ့အထဲမှာ MCL ကုမ္ပဏီတစ်ခုတည်းသာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ စက်ရုံမလည်ပတ်ခင်က ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို အဓိကဦးစားပေးမယ်လို့ ပြောထားပေမယ့်လည်း စက်ရုံလည်ပတ်ချိန်မှာ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းမရရှိတဲ့အပြင် ဆုံးရှုံးနစ်နာမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    သဘာဝပတ်ဝန်းကျင်ထိခိုက်စေတဲ့ ကျောက်မီးသွေးစွမ်းအင်နဲ့ လည်ပတ်နေတဲ့ ဒီဘိလပ်မြေစက်ရုံကို အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ခွင့်ပြုပေးခဲ့တာဟာ ဒေသခံတွေအတွက် အမွေဆိုးတွေချန်ထားပေးခဲ့သလို ရေရှည်ဆိုးကျိုးအန္တရာယ်တွေဖြစ်စေမယ့် ကျောက်မီးသွေးနဲ့ လည်ပတ်နေတဲ့ ထိုစက်ရုံကိုလည်း ပျားတောင်ဒေသခံတွေ မလိုလားကြဘူးလို့ သိရပါတယ်။


    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts