မင်းချမ်းညီ (မော်လမြိုင်၊ ဧပြီ -၁၂)
နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူလူထုများ နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် မွန်ပြည်နယ်အတွင်း မြို့ဝင်ကြေးကောက်ခံမှုကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလဖြစ်သည့် သင်္ကြန် အကျနေ့၊ အကြတ်နေ့၊ အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့အထိ စုစုပေါင်း ၄ ရက်ကြာ မြို့ဝင်ကြေးကောက်ခံမှု ရပ်နားထားမည်ဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။
“ မြို့ဝင်ကြေးကောက်တာကို မွန်ပြည်နယ် မြို့အားလုံးမှာ ၄ ရက်ပိတ်ထားမယ်။ပြည်သူတွေအားလုံး သွားရလာရ လွယ်ကူအောင်လို့ နဲ့ ရေပက်ကစားတဲ့အချိန်မှာ မြို့ဝင်ကြေးကောက်နေရင် ပေးမယ့်လူလည်းရှိမှာမဟုတ်ဘူး။တာဝန်ထမ်းဆောင်တဲ့လူလည်း ထမ်းဆောင်ချင်မှာမဟုတ်ဘူး။အများပြည်သူ သွားလာရေးလွယ်ကူအောင်လို့ မွန်အစိုးရအဖွဲ့ရုံးကပဲ တင်ပြပြီးတော့ ခေတ္တရပ်နားတာပေါ့။” ဟု ပြောကြားသည်။
မြို့ဝင်ကြေးများကို ယာဉ်ငယ်ကို ၂၀၀ ကျပ်၊ ယာဉ်လတ်ကို ၃၀၀ ကျပ် နှင့် ယာဉ်ကြီးကို ၅၀၀ ကျပ် ကောက်ခံလျက်ရှိပြီး ၂၀၁၇ ခုနှစ်၊ ဇွန်လက စတင်ပြီး စည်ပင်သာယာအဖွဲ့က တိုက်ရိုက်ကောက်ခံခဲ့ခြင်းဖြစ်သည်။
မုဒုံမြို့မှ မြို့ခံတစ်ဦးက “ မြို့ဝင်ကြေးတွေကောက်သလို လမ်းတွေလည်း ပြင်စေချင်တယ်။ မော်လမြိုင်ကနေ ကျိုက္ခမီကို သွားတဲ့လမ်းဆို လမ်းက အလယ်တကွက်ပဲခင်းထားတော့ ခဏခဏယာဉ်တိုက်မှုဖြစ်နေတာလည်း ကြာလှပြီ။ခုထိ ဆက်မခင်းဘူး။” ဟု ပြောကြားသည်။
အဆိုပါ အဝေးပြေးလမ်းသည် မွန်ပြည်နယ်စည်ပင်သာယာအဖွဲ့၏ လမ်းပိုင်းမဟုတ်ဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းပိုင်းဖြစ်ကြောင်း ပြည်နယ်စည်ပင်ညွှန်ကြားရေးမှူးက ဆက်ပြောသည်။
“ကျွန်တော်တို့ (မွန်ပြည်နယ် စည်ပင်သာယာအဖွဲ့) လမ်းမဟုတ်ဘူး။ ပြည်ထောင်စုအစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထိန်းသိမ်းတဲ့လမ်းပါ။ပြည်ထောင်စုအစိုးရဆောက်လုပ်ရေးဝန်ကြီးဌာနက အေကေ ကုမ္ပဏီကို BOT စနစ်နဲ့ ပေးထားတဲ့လမ်းပါ။” ဟု ၄င်းကပြောကြားသည်။
မွန်ပြည်နယ်အတွင်း မြို့ဝင်ကြေးကောက်ခံရရှိမှုများမှာ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်နှစ်က ကျပ်သိန်းပေါင်းတစ်သောင်း နှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လကြာ မီနီဘတ်ဂျက်မှာလည်း ကျပ် ၆၉၁ သန်းကျော်ရရှိခဲ့သည်။
ရခိုင်ပြည်နယ်တွင် မြို့ဝင်ကြေးကောက်ခံမှု ၂၀၁၇ ခုနှစ်ကတည်း ဖျက်သိမ်းခဲ့သော်လည်း မွန်ပြည်နယ်၌ ကားစိီးနိုင်သည့် ပြည်သူများထံမှ ကောက်ခံခြင်းဖြစ်သည့်အတွက် ဖျက်သိမ်းရန်အစီစဉ်မရှိကြောင်း ပြည်နယ်စည်ပင်ဝန်ကြီးက ပြတ်ပြတ်သားသား ပြောကြားထားသည်။