ရူပါဗလွဲ (ဧပြီ ၄)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ယနေ့နံနက်ပိုင်းတွင် သီးသန့်လေယာဉ်ခရီးစဉ်ဖြင့်ရောက်ရှိလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုတွေ့ဆုံပွဲကျင်းပခဲ့ရာ သိမ်းဆည်းခံရသည့် လယ်ယာမြေများကို မူလမြေပိုင်ရှင်ထံ ပြန်လည်ပေးအပ်သည့်အခါ အခက်အခဲတစ်ချို့ရှိကြောင်း ပြောကြားလိုက်သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများအား နံနက် ၁၀ နာရီခွဲအချိန် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံပွဲအခမ်းအနားတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တရားမျှတရေးနဲ့စီးပွားရေး ဒီနှစ်ခုကို အခြေခံပြီးတော့ လယ်ယာမြေတွေ မူလပိုင်ရှင်တွေကို ပြန်ပေးခြင်းလုပ်ငန်းဟာ မှန်ကန်တယ် လုပ်လည်းလုပ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့လည်း ကျွန်မမြင်တယ်။ အစိုးရအနေနဲ့တော့ လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ချက်ချတဲ့နေရာမှာ မူလပိုင်ရှင်တွေကို ပြန်ပေးခြင်းကိစ္စကို အမြန်ဆုံးဆောင်ရွက်နိုင်ဖို့က ကြိုးစားနေပါတယ်။ ဒီလိုကြိုးစားတဲ့နေရာမှာ အခက်အခဲတစ်ချို့ရှိတာကိုလည်း ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းပဲ တင်ပြပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။
သိမ်းဆည်းထားသည့်ပုဂ္ဂိုလ်များက လယ်ယာမြေများကို ပြန်မစွန့်လွှတ်နိုင်ခြင်း၊ လယ်ယာမြေများကို စွန့်လွှတ်ပြီးသော်လည်း အုပ်ချုပ်ရေးပိုင်ဆိုင်ရာ အားနည်းမှုကြောင့် အကောင်အထည်မဖော်နိုင်ခြင်း၊ လယ်ယာမြေသိမ်းဆည်းခံရသည့် ပုဂ္ဂိိုလ်အချင်းချင်း ပဋိပက္ခဖြစ်ပွားခြင်းနှင့် တစ်ချို့သောပုဂ္ဂိုလ်များသည် ပိုင်ဆိုင်မှုမရရှိမှန်းသိရက်သားနှင့် ရယူလိုစိတ်ဖြင့် တောင်းဆိုနေခြင်း စသည့်အခက်အခဲများရှိသည်ဟု ဆိုသည်။
သို့ရာတွင် “နိုင်ငံသူနိုင်ငံသားတွေထဲမှာ လယ်ယာမြေမရှိဘူး ဒုက္ခရောက်နေတယ်ဆိုရင် အစိုးရကနေဝိုင်းဝန်းကူညီဖြေရှင်းဖို့က တာဝန်ရှိနေတယ်ဆိုတာ မငြင်းပါဘူး။ ဒါပေမယ့် ပြည်သူလူထုအနေနဲ့ဝိုင်းကူဖို့လိုတယ် ဘယ်လိုမှအစိုးရကနေ နိုင်ငံသူနိုင်ငံသားတိုင်းရဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်မတို့ပြည်သူလူထုကလည်း တရားဥပဒေဘောင်အတွင်းကနေပြီးတော့ ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးကို မှန်မှန်ကန်ကန်တောင်းပါ ကျွန်မတို့လည်းအားပေးပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်တွင် တိုင်ကြားစာ ၁၅၁ စောင် လက်ခံရရှိပြီး လွန်ခဲ့သည့် ဒီဇင်ဘာလက သမ္မတဦးဝင်းမြင့် မော်လမြိုင်သို့လာရောက်စဉ်တွင် တိုင်ကြားစာ ၇၇ စောင်သာ လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုင်ကြားစာများတွင် တရားရုံး ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသူများ၊ တပ်မတော်ကသိမ်းဆည်းသည့် မြေယာပြဿနာများ၊ မြေစာရင်းဌာနများမှ မြေယာပိုင်ဆိုင်မှုထုတ်ပေးခဲ့သည့်ပြဿနာများ အများစုတိုင်ကြားခဲ့ကြောင်း ကာယကံရှင်အချို့ထံမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် တရားဥပဒေစိုးမိုးရေး၊လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ လယ်ယာမြေပိုင်ဆိုင်မှုနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့်အကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပြောကြားခဲ့သလို အခမ်းအနားကျင်းပစဉ်တိုက်ရိုက်တိုင်ကြားသည့်အစီအစဉ်၌ မွန်ပြည်နယ်ဝန်ကြီးချုပ်တစ်ဦးတည်း ဒိုင်ခံဖြေရှင်းသွားသည့်အပေါ် ဝေဖန်မှုများရှိနေသည်။