Homeသတင်းမွန်ပြည်နယ်တွင် အမှိုက်နှင့် စွန့်ပစ်ပစ္စည်းပြဿနာများ ဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖွေနေ

မွန်ပြည်နယ်တွင် အမှိုက်နှင့် စွန့်ပစ်ပစ္စည်းပြဿနာများ ဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖွေနေ

-

သြမွန်(ဧပြီ ၄)

မွန်ပြည်နယ်တွင် အမှိုက်နှင့် စွန့်ပစ်ပစ္စည်း စိန်ခေါ်မှုများအပေါ် ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာစေရန်နှင့် နည်းလမ်းများ ပေါ်ထွက်လာနိုင်ရန် ရည်ရွယ်၍ မော်လမြိုင်မြို့ KS ဟိုတယ်၌ အရပ်ဘက်အဖွဲ့အစည်းများက တွေ့ဆုံဆွေးနွေးပြီး နည်းလမ်းရှာဖွေနေကြောင်း မုတ္တမပင်လယ်ကွေ့ စီမံချက် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျနော်တို့ မွန်ပြည်နယ်မှာ အမှိုက်ကောက်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးပဲ။ ဒါပေမယ့် ဒီအမှိုက်ကောက်နေတဲ့ အဖွဲ့အစည်းတွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိတ်ဆက်မှု သိပ်မရှိကြဘူးလေ။ အဲဒါကြောင့် ဒီပွဲမှာ စုစည်းပြီး အတူတကွ ဘယ်လိုပူးပေါင်းလုပ်ကြမလဲပေါ့။ အမှိုက်နဲ့ပတ်သက်ပြီး လုပ်နေတဲ့အဖွဲ့အစည်းတွေ ဖိတ်ပြီးတော့မှ မုတ္တမပင်လယ်ကွေ့ စီမံချက်အနေနဲ့ ပထမဆုံးအကြိမ် လုပ်တာပါ” ဟု မုတ္တမပင်လယ်ကွေ့စီမံချက် Knowledge Management & Communication Officer နိုင်ဉာဏ်စိုက်ရာမာန် က ပြောသည်။

မုတ္တမပင်လယ်ကွေ့စီမံချက်အနေဖြင့် ဧပြီလ ၄ ရက်နေ့က အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး အမှိုက်စွန့်ပစ်မှု အသိပညာပေးအစီအစဉ်၊ စွန့်ပစ်အမှိုက်မှတဆင့် ဝင်ငွေရမည့် နည်းလမ်းများ အပါအဝင် အမှိုက်မူဝါဒ အားကောင်းလာစေရန် အစိုးရဌာနများနှင့် ချိတ်ဆက်သွားမည့်အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

Clean Mawlamyine အဖွဲ့မှ ကိုကျော်စွာအောင်က “ဒီဆွေးနွေးပွဲက တကယ်ကို တန်ဖိုးရှိတဲ့ ဆွေးနွေးပွဲလေးပါ။ ကျနော်တို့ မသိတာတွေလည်း အများကြီး သိလာပါတယ်။ ကျနော်တို့လည်း အများကြီး ထပ်သင်ယူရမယ့် အပိုင်းတွေ ရှိတဲ့အတွက်ကြောင့်မို့ ဒီအဖွဲ့တွေနဲ့ အမြဲတမ်း ပူးပေါင်းမယ်။ အမြဲတမ်း ကွန်ရက်လုပ်ပြီးတော့ ရှေ့ဆက်လုပ်သွားဖို့ရှိတယ်” ဟု ပြောသည်။

မုတ္တမပင်လယ်ကွေ့စီမံချက်အနေဖြင့် အမှိုက်စွန့်ပစ်မှု ကိစ္စနှင့်ပတ်သက်၍ ဟိုတယ်နှင့် တည်းခိုခန်းများမှ တာဝန်ရှိသူများ၊ အမှိုက်လှုပ်ရှားမှု ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ INGOs အဖွဲ့အစည်းများ အပါအဝင် အစိုးရအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

မုတ္တမပင်လယ်ကွေ့ဒေသနှင့် မွန်ပြည်နယ်ရှိ ကမ်းရိုးတန်းဒေသတလျောက် တည်ရှိနေသည့်သဘာဝအရင်းအမြစ်များ အကာအကွယ်ပေးခြင်းနှင့် ကျေးရွာနှင့် မြို့ပြများတွင် နေထိုင်သောပြည်သူများ ကောင်းမွန်သောသဘာဝဝန်းကျင်ဖြင့် ရပ်တည်နေထိုင်ရေးအတွက် ကြုံတွေ့နေရသော အမှိုက်နှင့်စွန့်ပစ်ပစ္စည်းစိန်ခေါ်မှုများအပေါ် ကောင်းမွန်သောစီမံခန့်ခွဲမှုစနစ်(သို့မဟုတ်) နည်းလမ်းများပေါ်ထွက်လာနိုင်ရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းဖြစ်ကြောင်း စီစဉ်သူများထံမှသိရသည်။


Photo- အမှိုက်ပြဿနာ အလုပ်ရုံဆွေးနွေးပွဲ(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts