Sunday, March 15, 2026
More
    spot_img
    Homeသတင်းမွန်ညီညွတ်ရေးပါတီ တည်ထောင်ခွင့်ကြန့်ကြာနေ၍ ပါတီလုပ်ငန်းများ နှောင့်နှေးဟုဆို

    မွန်ညီညွတ်ရေးပါတီ တည်ထောင်ခွင့်ကြန့်ကြာနေ၍ ပါတီလုပ်ငန်းများ နှောင့်နှေးဟုဆို

    -

    မင်းချမ်းညီ (မော်လမြိုင်-ဧပြီ ၄)

    မွန်ညီညွတ်ရေးပါတီတည်ထောင်ခွင့်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မှရှင်ထံ တင်ပြထားသော်လည်း ကြန့်ကြာနေသည့်အတွက် ပါတီလုပ်ငန်းများ ဆောင်ရွက်ရန် နှောင့်နှေးနေကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

    နိုင်စံတင်က “ပါတီတည်ထောင်ခွင့် မကျသေးဘူး။ အခု သူတို့စစ်နေတာက တစ်ဖွဲ့တည်းမဟုတ်ဘူး။ အရင်တုန်းက SB ရဲ့ သဘောထားမှတ်ချက်ပဲလိုတယ်။ အခုနောက်ပိုင်းကျတော့ စသုံးလုံးရော၊ လဝက ရော အဖွဲ့လေးဖွဲ့လောက်က ပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့ ကျွန်တော်တို့ ၁၈ ဦးရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်တွေနဲ့ပတ်သက်ပြီး စိစစ်တာတွေလည်း နည်းနည်းကြန့်ကြာတယ်။ ကွဲလွဲတာတွေလေးတွေ ပြန်ညှိတာတွေလည်းရှိတယ်။ အခုထိတော့ ဘာမှအကြောင်းမကြားသေးဘူး”ဟု ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ နှစ်ပါတီပေါင်းစည်းရေးလမ်းကြောင်းမှ မှတ်ပုံတင်ခြင်းဖြစ်ကြောင်း၊ ဗဟိုအဆင့်နှင့် မြို့နယ်အဆင့်အချို့တွင်ပေါင်းစည်းခဲ့ပြီး လက်ကျန်မြို့နယ်တစ်ခုနှင့် တိုက်နယ်/ကျေးရွာအဆင့်များတွင် ပေါင်းစည်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက “ကျွန်တော်တို့က ကြန့်ကြာတယ်၊ မကြာဘူးဆိုတာ ကျွန်တော်တို့(ရွေးကောက်ပွဲကော်မရှင်)တစ်ခုတည်းမဟုတ်ဘူး။ အားလုံးဆက်စပ်ပြီး လုပ်ရတဲ့ Process ဖြစ်တဲ့အတွက် စိစစ်တဲ့နေရာမှာ နိုင်ငံသားဖြစ်မှုတွေ၊ ဥပဒေနဲ့အညီ စိစစ်တဲ့အပိုင်းလေးတွေမှာ မပြည့်စုံသေးလို့ဖြစ်မှာပါ။ အချိန်အများကြီးတော့ မကြာပါဘူး။ သူ့ဘက်ကလည်း အချက်အလက်ပြည့်စုံတယ်၊ ဒီပုဂ္ဂိုလ် စိစစ်တဲ့အခါမှာ လွယ်ကူရှင်းလင်းတယ်ဆိုရင် မကြာပါဘူး။” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားကိုယ်စားပြုပါတီ တည်ထောင်လိုသူများနှင့် မွန်နိုင်ငံရေးစိတ်ဝင်စားသည့် ပုဂ္ဂိုလ်များဖြင့် မွန်တစ်မျိုးလုံးကို ကိုယ်စားပြုသည့် “မွန်ပါတီ” အမည်ဖြင့် မှတ်ပုံတင်ရန် ကြိုးစားခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်ထံမှ ခွင့်မပြုသည့်အတွက် “မွန်ညီညွတ်ရေးပါတီ” အဖြစ် တဖန်မှတ်ပုံတင်ခြင်းဖြစ်သည်။

    အငြိမ်းစားဗိုလ်ချုပ်ကြီး ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကဟောင်းဖြစ်သူ သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ခဲ့ပြီး ဧပြီလ ၃ ရက်နေ့က ပါတီတည်ထောင်ခွင့်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

    ပါတီဝင်အင်အား သိန်းဂဏန်းကျော်ရှိသည့် တစ်ခုတည်းသောမွန်တိုင်းရင်းသားကိုယ်စားပြုပါတီဖြစ်သော “မွန်ညီညွတ်ရေးပါတီ” အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အဓိက ပါတီကြီးနှစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ(USDP) တို့ကိုသာ ယှဉ်ပြိုင်ရမှာ ဖြစ်ကြောင်း မွန်ညီညွတ်ပါတီခေါင်းဆောင်များက မွန်သတင်းအေဂျင်စီသို့ ပြောသည်။


    Photo- မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး(MUP)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks