Homeသတင်းSMD စီမံကိန်းအကောင်အထည်ဖော်နေသည့် သပြေရွာသစ်တွင် လမ်းမီးအခမဲ့ပေးစေလို

SMD စီမံကိန်းအကောင်အထည်ဖော်နေသည့် သပြေရွာသစ်တွင် လမ်းမီးအခမဲ့ပေးစေလို

-

သြမွန်(ဧပြီ ၃)

မွန်ပြည်နယ် ရေးမြို့နယ် သပြေရွာသစ်တွင် Southern Myanmar Development Co.,Ltd (SMD) ကုမ္ပဏီအနေဖြင့် ကျေးရွာအတွင်း စီမံကိန်းလုပ်ငန်း လာရောက်ဆောင်ရွက်နေသောကြောင့် ရွာအတွက် လမ်းမီးအခမဲ့ ပေးသင့်ကြောင်း ဒေသခံများက တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့တွင် ၎င်းကုမ္ပဏီမှ အကောင်အထည်ဖော်မည့် စီမံကိန်းတစ်ခုအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း EIA နှင့်ပတ်သက်ပြီး အများပြည်သူသဘောထားရယူသည့် အခမ်းအနားတွင် ဒေသခံဘက်မှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

သပြေရွာသစ်ဒေသခံ နိုင်ဝမ်သိန်းက “ကျနော်တို့ဒေသမှာ စီမံကိန်းလာလုပ်တယ်ဆိုတော့ ရွာကလမ်းမီးတွေကိုလည်း အခမဲ့ ပေးသင့်တယ်” ဟု ပြောသည်။
လက်ရှိတွင် သပြေရွာသစ် ဒေသခံများက လျှပ်စစ်မီး တစ်ယူနစ်လျှင် ၄၇၀ ကျပ်နှုန်းထားဖြင့် ပေးဆောင်နေရသည့်အပြင် ကျေးရွာလမ်းမီးအတွက် တစ်လလျှင် နေအိမ်တစ်အိမ်ကို ငွေကျပ် ၃၀၀၀ ဝန်းကျင် ကောက်ခံနေသဖြင့် ကုမ္ပဏီထံမှ အခမဲ့ရရှိလိုသည်ဟု ဆိုသည်။

ထို့ပြင် ကျေးရွာအတွင်း လမ်းမီးအပြင် ညလုံးပေါက်လျှပ်စစ်မီးရရှိရေးနှင့် မူလတန်းကျောင်းကိုလည်း နှစ်ထပ်ဆောက်လုပ်ပေးစေလိုကြောင်း ဒေသခံများက ထပ်မံတောင်းဆိုခဲ့သည်။

သို့ရာတွင် ကုမ္ပဏီအနေဖြင့် လက်ရှိလုပ်ငန်းလည်ပတ်မှု မရှိသေးသောကြောင့် လမ်းမီး အခမဲ့ပေးရန် မဖြစ်နိုင်ကြောင်း SMD လျှပ်စစ်မီးလုပ်ငန်းတာဝန်ခံ ဦးညီညီလွင်က ပြောသည်။

“မီတာခ ကတော့ အခုလောလောဆယ်ဆယ် ဘယ်သူ့ကိုမှ ကင်းလွတ်ခွင့်မပေးနိုင်သေးဘူး။ နောက်ပိုင်း ကျနော်တို့လုပ်ငန်းတွေ အောင်မြင်လာလို့ရှိရင် အကျိုးအမြတ် တကယ်ပဲ ရင်းနှီးမြှပ်နှုံသူကို ပြနိုင်မယ်ဆိုရင် အစ်ကိုတို့ရွာကို ရွှေချပေးမယ်” ဦးညီညီလွင်က ဆိုသည်။

ဆောက်သမ်းမြန်မာ ကုမ္ပဏီလီမိတက် SMD က စက်သုံးဆီဆီတင်ချဆိပ်ကမ်းနှင့် သိုလှောင်ကန်တည်ဆောက်ခြင်း၊ ဓာတ်ဆီဒီဇယ်ဆီ ဖြန့်ဖြူးရေးလုပ်ငန်းနှင့် LPG သိုလှောင်ဖြန့်ဖြူးမည့် လုပ်ငန်းများအတွက် ရင်းနှီးမြှပ်နှံမှု ပမာဏ ၁၃၂ သန်း အသုံးပြုသွားမည်ဖြစ်ပြီး ၂ နှစ် ခွဲကာလအတွင်း အပြီးသတ် တည်ဆောက်သွားမည်ဖြစ်သည်။

ကုလားဂုတ်ကျွန်းအရှေ့ဖက် သပြေရွာသစ်ကိုအခြေပြု၍ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ပြည်နယ်စက်မှုဇုံ၊ ငါးလုပ်ငန်းဇုံ၊ အထူးစီးပွားရေးဇုံ၊ အိမ်ယာစီမံကိန်းဇုံနှင့် မွန်ပြည်နယ်အစိုးရပိုင် စီမံခန့်ခွဲဇုံတို့ကို မွန်ပြည်နယ်ဒေသ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် မွန်ပြည်နယ်အစိုးရနှင့် Bedok Construction & Engineering Co.,Ltd တို့ ၂၀၁၇ ခုနှစ်က နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ပြီး Southern Myanmar Development Co.,Ltd.(SMD) မှ ဆက်လက်အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။


Photo- သပြေရွာသစ်တွင် တည်ဆောက်နေသော မွန်ပြည်နယ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအခင်းအကျင်း(Facebook)



ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts