Homeသတင်းတနင်္သာရီတိုင်းဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို၊ ဝန်ကြီးသစ် ၃ ဦးခန့်အပ်ရန်သဘောတူ

တနင်္သာရီတိုင်းဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို၊ ဝန်ကြီးသစ် ၃ ဦးခန့်အပ်ရန်သဘောတူ

-

မွန်သတင်းအေဂျင်စီ(မတ် ၂၆)

တနင်္သာတိုင်းဒေသကြီးလွှတ်တော်၌ ဝန်ကြီးချုပ်သစ် ဦးမြင့်မောင် ယမန်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် လစ်လပ်နေသော အစိုးရအဖွဲ့ဝင်ဝန်ကြီး ၃ ဦးကိုလည်း ခန့်အပ်တာဝန်ပေးရန် သဘောတူလိုက်ကြောင်း သတင်းရရှိသည်။

ဝန်ကြီးချုပ်အဖြစ် မိမိတာဝန်ယူသော အစိုးရအဖွဲ့ကို အဂတိကင်းစင်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပွင့်လင်းမြင်သာသည့် အစိုးရတစ်ရပ်ဖြစ်စေရေး စီမံဆောင်ရွက်မည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်သစ် ဦးမြင့်မောင်က တိုင်းလွှတ်တော်၌ ယမန်နေ့တွင် ကတိပြုပြောကြားခဲ့သည်။

ထို့အတူ အမျိုးသားပြန် လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စုအဖြစ် တည်ဆောက် ရေးအတွက် အခြခံအုတ်မြစ်ဖြစ် သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပေါ် အ ခြေခံ၍ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ဆိုသည်။

ထိုနောက် ဝန်ကြီးချုပ်သစ်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအဖြစ် တနင်္သာရီမဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူရ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ရေဖြူမဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှထွေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် မြိတ်မဲဆန္ဒနယ် အမှတ် ၁ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီချိုတို့ကို တိုင်းလွှတ်တော်သို့ အမည်စာရင်းတင်သွင်းခဲ့သည်။

ယင်းသို့ လစ်လပ်သွားသည့်ဝန်ကြီးနေရာများအား အစားထိုးခန့်အပ်ရန် ဝန်ကြီးချုပ်အမည်စာရင်း တင်သွင်းလာသည့်အပေါ် လွှတ်တော်မှကန့်ကွက်သူမရှိ သဘောတူခဲ့ပြီး နိုင်ငံတော် သမ္မတက အတည်ပြုခန့်အပ်ပေးသွားမည် ဖြစ်သည်။

အဂတိမှု ၄ မှုဖြင့် တရားစွဲဆိုခံထားရသော ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် တာဝန်မှရပ်စဲပြီးနောက်ပိုင်းတွင် ဦးမြင့်မောင်ကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်သည့်အတွက် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး တစ်နေရာလစ်လပ်ခဲ့ပြီး မတ်လ ၁၉ ရက်နေ့တွင် နောက်ထပ်တိုင်းအစိုးရ ဝန်ကြီး ၂ ဦးထပ်မံ အနားယူသွားသဖြင့် စုစုပေါင်း ဝန်ကြီး ၃ ဦးနေရာလစ်လပ်ခဲ့ခြင်း ဖြစ်သည်။


Photo-တနင်္သာတိုင်းဝန်ကြီးချုပ်သစ် ဦးမြင့်မောင် ကျမ်းသစ္စာကျိန်ဆိုစဉ်(တိုင်းလွှတ်တော်ရုံး)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts