spot_img
Tuesday, May 21, 2024
More
    spot_img
    Homeသတင်းတရားမဝင်ငါးပုစွန်မွေးမြူရေးကန်များကို တစ်ဧကကျပ် ၃ သောင်းကောက်ခံ၍ တရားဝင်လုပ်ကိုင်ခွင့်ပြုမည်

    တရားမဝင်ငါးပုစွန်မွေးမြူရေးကန်များကို တစ်ဧကကျပ် ၃ သောင်းကောက်ခံ၍ တရားဝင်လုပ်ကိုင်ခွင့်ပြုမည်

    -

    နန်းထက်ထက်ချစ် (ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက်)

    တရားမဝင် တူးဖော်ထားသည့် ငါး၊ ပုစွန်မွေးမြူရေး ကန်များကို တစ်ဧကလျှင် ကျပ် ၃၀၀၀၀ ကောက်ခံ၍ တရားဝင်မွေးမြူ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။

    ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်က ကျင်းပပြုလုပ်သည့် ငါးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဆွေးနွေးပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ဒေါက်တာအောင်သူက “မွေးမြူရေးလုပ်ငန်းတွေမှာ မြေယာကို အခြားနည်းသုံးစွဲခွင့်နဲ့ ပတ်သက်ပြီးတော့ တူးပြီးသားကန်တွေတော့ ထားပါ။ အခုချိန်ကစပြီးတော့ နောက်ဆုံးပိတ်အနေနဲ့ ထုတ်ပြန်တဲ့ အချိန်မှာ လုပ်ခဲ့ပြီးသား မွေးမြူရေးကန်တွေကို တစ်ဧကကျပ်သုံးသောင်းပဲ ဒဏ်ငွေရိုက်ဖို့ ပြန်လည်ညှိ နှိုင်းပြီးပါပြီ။ ဒီဟာက ဟိုအရင်ထဲက ပြောခဲ့ပါတယ်။ ဒါပေမယ့် အခုသေသေချာချာ အသိပေးတာပါ။ အဓိကတော့ ဧရာဝတီနဲ့ မန္တလေးတိုင်းပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းက သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို မပြောသေးဖို့ ဒီနေ့မှာပြောမယ်ဆိုပြီး မေတ္တာရပ်ခံထားတာဖြစ်ပါတယ်” ဟု ပြောသည်။

    လက်ရှိတူးဖော်ပြီးသား ငါးမွေးမြူရေးကန်များကို သဘာဝပတ်ဝန်းကျင် (EIA)နှင့် လူမှုရေးအကျိုးသက်ရောက်မှု (SIA) ဆန်းစစ်လေ့လာချက်များကို လိုအပ်ပါက စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ထို့ပြင် လယ်ယာမြေဥပဒေ ပုဒ်မ ၁၉ တွင် ပြဌာန်းထားသော အချက်လေးချက်ကို ကျင့်သုံးရမည်ဖြစ်ကာ ယင်းတို့မှာ ဒဏ်ကြေးငွေပေးဆောင်ခြင်း၊ သတ်မှတ်သော နည်းလမ်းအတိုင်း ပြန်လည်အသုံးပြုစေခြင်း၊ သတ်မှတ်သော နည်းလမ်းအတိုင်း အသုံးမပြုသူများကို နှင်ထုတ်ခြင်းနှင့် လယ်ယာမြေပေါ်တွင် အိမ်ဆောက်ခြင်း သို့မဟုတ် အခြားစီးပွားရေး အဆောက်အအုံတည်ဆောက်ခြင်းတို့ကို ဖျက်စီးခြင်းတို့ဖြစ်သည်။

    “လုပ်ခဲ့ပြီးသား ငါးကန်တွေကို သုံးသောင်းပဲ ဒဏ်ရိုက်ဖို့ ညှိနှိုင်းခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စာကို သတ်သက် ထုတ်ပေးပါမယ်။ နောင်လုပ်ချင်တယ်ဆိုရင် သေသေချာချာလျှောက်ပါ။ ငါးလုပ်ငန်းအဖွဲ့ကနေ စုစည်းပြီးတော့ ကျွန်တော်တို့ဆီ Copy ပေးလည်းရပါတယ်။ ကျွန်တော် တို့ တွန်းအားပေးပါမယ်။ ပိုက်ဆံတစ်ပြားမှ မပေးရပဲနဲ့ ခွင့်ပြုမိန့်ရပါမယ်။ ဒါပေမယ့် လုပ်ချင်တိုင်းတော့ လုပ်လို့မရဘူး။ သုံးသောင်းပဲ ချတယ်ဆိုတာက အရင်တူးပြီးသား ငါးကန်တွေကို ဆိုလိုတာပါ။ ငါးကန်လုပ်ရင် ဒဏ်ကြေး သုံးသောင်းပဲရှိမှာ မဟုတ်ပါဘူး။ နောက်ဆက်လုပ်မယ့် ဟာတွေက ဥပဒေနဲ့ အညီ လုပ်ဆောင်တာဖြစ်အောင် ဥပဒေအရ အရေးယူတာတွေ လုပ်ပါမယ်” ဟု ဒေါက်တာ အောင်သူက ဆိုသည်။

    လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ၎င်းစတင်တာဝန်ယူချိန်နောက်ပိုင်း ၆ လအကြာတွင် လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွ ားမြှင့်တင်ရေးဥပဒေတို့ကို ပြင်ဆင်ရေးဆွဲ၍ လွှတ်တော်သို့ တင်ပြခဲ့သော်လည်း လယ်ယာမြေဥပဒေကို အတည် ပြုပြဌာန်းပေးရန် ကျန်ရှိနေသေးခြင်းဖြစ်ပြီး ကျန်ဥပဒေနှစ်ခုကို ၂၀၁၈ ခုနှစ်အတွင်း၌ လွတ်တော်မှ အတည်ပြုပြဌာန်းထားကြောင်း သိရသည်။

    ထို့အပြင် မန္တလေးတိုင်းဒေသကြီး၌ တရားမဝင်တူးဖော်ထားသည့် ငါးကန်များအား ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း တိုင်းဒေသကြီးအစိုးရက တစ်ဧကလျှင် ကျပ် (၁၀) သိန်းနှုန်းဖြင့် ဒဏ်ရိုက်သွားမည်ဆိုသည့် ထုတ်ပြန်ချက်အပေါ် ငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် အဆင်မပြေနိုင်သဖြင့် လုပ်ငန်းရှင်များက ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့ကြ ကြောင်း သိရသည်။

    မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က “အဲ့ဒါကို ကျွန်တော်တို့ကတော့ ဝမ်းသာပါတယ်။ ဘာလို့လည်းဆိုရင် လုပ်ခဲ့ပြီးသားလုပ်ငန်းတွေက မလျှောက်တာ မဟုတ်ဘူး။ လျှောက်ကြတယ်။ ဒါပေမယ့် ဥပဒေအရ ခက်ခဲနေတာပါ။ ဒီအခက်အခဲကို လက်ရှိအမျိုးသားဒီမိုကစီအစိုးရလက်ထက်မှာ ပြည်ထောင်စုဝန်ကြီးက သက် ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေနဲ့ ညှိနှိုင်းပြီးတော့ ဒီလိုဖြေရှင်းပေးတာ ကျေးဇူးတင်ပါတယ်။ အခုလိုအစိုးရက စဉ်းစားပြီးတော့ ဆောင်ရွက်ပေးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ငါး/ပုစွန်မွေးမြူ ရေးလုပ်ငန်းက အကျိုးရှိပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးလိုက်တဲ့ စေ့ဆော် မှုလို့ ကျွန်တော်တို့ဘက်က ယုံကြည်ပါတယ်” ဟု ပြောသည်။

    မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် တပ်မတော်အစိုးလက်မှစ၍ လက်ရှိအမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်အထိ လယ်ယာမြေကို အခြားနည်းသုံးစွဲသည့်အပေါ် ဒဏ်ကြေးငွေကြီးမြှင့်မှုကို ဖြေလျော့ပေးရန် တောင်းဆိုလာခဲ့ကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ငါးမွေးမြူရေးကန် ဧကပေါင်း ၂ သိန်းကျော်၊ ဂဏန်းမွေးမြူရေးကန်ဧကပေါင်း ၂၀၀၀ ကျော်နှင့် ပုစွန်မွေးမြူ ရေးကန်ဧကပေါင်း ၂ သိန်းကျော် စုစုပေါင်း ငါး/ပုစွန်မွေးမြူ ကန် ဧကပေါင်း (၄) သိန်း (၉) သောင်းကျော်အထိရှိနေပြီး ယင်းအထဲမှ ဧက ၁ သိန်း ၃ သောင်းဝန်းကျင်သာ တရားဝင်လုပ်ကိုင်ခွင့်ရထားကာ ကျန်ဧက ၃ သိန်း ၆ သောင်းကျော်က တရားမဝင် လုပ်ကိုင်နေသည့် ငါး၊ ပုစွန်ကန်များဖြစ်ကြောင်း ငါးလုပ် ငန်းဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ စာရင်းများအရ သိရသည်။


    Photo- ငါးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဆွေးနွေးပွဲ၌ ဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်ပြောကြားစဉ်(ABM)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,900SubscribersSubscribe
    spot_img

    Latest posts