spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တိုင်ကြားစာ ၃၀ စောင် ပြည်နယ်အစိုးရစိစစ်ပေးရန် သမ္မတရုံးညွှန်ကြား

    မွန်ပြည်နယ်တိုင်ကြားစာ ၃၀ စောင် ပြည်နယ်အစိုးရစိစစ်ပေးရန် သမ္မတရုံးညွှန်ကြား

    -

    မင်းချမ်းညီ (မော်လမြိုင်၊ ဇန်-၁၁)

    နိုင်ငံတော်သမ္မတ၏ မွန်ပြည်နယ်ခရီးစဉ်မှ ရရှိခဲ့သည့်တိုင်ကြားစာ ၇၉ စောင်စိစစ်ခဲ့ပြီး လတ်တလောတွင် ၃၀ စောင်ကို သက်ဆိုင်ရာဌာနအလိုက် သေချာစွာပြန်လည်စိစစ်ပေးရန် သမ္မတရုံးက ညွှန်ကြားလာကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက “နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလာပါပြီ။ အဲဒီအထဲမှာ မြေယာကိစ္စတွေ၊ စည်ပင်သာယာနဲ့ဖြစ်တဲ့ကိစ္စတွေ၊ အမှိုက်ကိစ္စတွေ၊ အဆောက်အဦးဆောက်လုပ်တဲ့ကိစ္စတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ပတ်သက်ပြီး မကျေနပ်လို့ တိုင်ကြားတာ အစောင်(၃၀) လောက်တော့ရောက်နေပြီ။ တချို့ကိစ္စတွေက စိစစ်ဆဲ၊ တချို့ကိစ္စတွေကတော့ ဆောင်ရွက်ပြီးတာတွေလည်း ပါတယ်။” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ပြည်နယ်အစိုးရအနေဖြင့် စိစစ်ပြီးစီးသည့်အမှုတွဲများကို နိုင်ငံတော်သမ္မတရုံးထံ ပြန်လည်တင်ပြသွားမှာဖြစ်ပြီး သက်ဆိုင်ရာဌာနအလိုက် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

    စည်ပင်သာယာဌာနအနေဖြင့် မြို့တွင်းလမ်းများခင်းကျင်းရာတွင် လမ်းနှင့်မလွတ်သည့် ကျူးကျော်နေအိမ်များကို ဖယ်ရှားရှင်းလင်းခြင်းမရှိဘဲ ပိုင်ရှင်ရှိမြေနေရာပေါ်၌ လမ်းခင်းခြင်း၊ ထရန်စဖော်မာတစ်လုံးကို တပ်ဆင်ရန် ပိုင်ရှင်ရှိမြေနေရာကို ဖဲ့ယူခဲ့ခြင်း၊ ၎င်းဖြစ်စဉ်များကို သက်ဆိုင်ဌာနအဆင့်ဆင့်သို့ အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း ထူးခြားမှုမရှိသည့်အတွက် နိုင်ငံတော်သမ္မတခရီးစဉ်အတွင်း တိုင်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့၊ ဈေးကြိုရပ်၊ ကျိုက္ခမီလမ်းနေ ဒေါ်ချိုချိုအေးက ပြောသည်။

    ဒေါ်ချိုချိုအေးက “ကျွန်မတို့ရဲ့ အိမ်အဆောက်အဦးက ၄၄ ပေ ရှိတယ်။ ဘေးမှာ ၁၂ ပေပိုတယ်။ အဲဒီပိုတဲ့နေရာမှာ ထရန်စဖော်မာအတွက် လာတူးပြီးဆောက်ထားတယ်။ လမ်းကလည်း သူ့ရဲ့ လမ်းဧရိယာ အပြည့်အဝရှိပြီးသား။ လမ်းဧရိယာအပြည့်ရှိတာကို ဘာလို့တိုင်းပြီးမခင်းလည်းလို့ပြောတော့ တိုင်ချင်ရာတိုင်ဆိုပြီးတော့ ခင်းချသွားတယ်။ လမ်းပေါ်မှာရှိနေတဲ့ ကျူးကျော်တွေကိုတော့ မဖယ်ဘဲနဲ့ ကျမတို့ရဲ့မြေပေါ်မှာ လာပြီးလမ်းခင်းထားတာတွေအတွက် သမ္မတကြီးကိုတိုင်ခဲ့တာပါ။ အခု သမ္မတဆီကနေ စာအစောင်(၃၀) ကျလာပြီဆိုတော့ ကျွန်မတို့စာ ပါဖို့လည်းမျှော်လင့်တာပေါ့။ ပါမယ်ဆိုရင် ဝမ်းသာတာပေါ့” ဟု ဆိုသည်။

    နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က ပထမဦးဆုံး မွန်ပြည်နယ်ခရီးစဉ်အတွင်း အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်စသည့်မဏ္ဍိုင်(၃) ရပ်နှင့်တွေ့ဆုံခဲ့သလို ခရီးစဉ်အတွင်း စုစုပေါင်းတိုင်ကြားစာများ လက်ခံရရှိခဲ့ပြီး ပြန်လည်စိစစ်ရန်အတွက် မွန်ပြည်နယ်အစိုးရကို ညွှန်ကြားလာခြင်း ဖြစ်သည်။


    Photo- သမ္မတထံတိုင်ကြားစာ ပေးပို့စဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks