spot_img
Sunday, June 23, 2024
More
    spot_img
    Homeဆောင်းပါးအစ္စရေး၏ ဒုတိယတန်းစားနိုင်ငံသားများ

    အစ္စရေး၏ ဒုတိယတန်းစားနိုင်ငံသားများ

    -

    အာရပ်-အစ္စရေးပြဿနာကို ကမ္ဘာက အဓိကအာရုံစိုက်လာသောယနေ့အခါတွင် ဂါဇာကမ်းမြောင်နှင့် ဂျော်ဒန်အနောက်ဘက်ကမ်း၌ နေထိုင်ကြသော ပါလက်စတိုင်း ၄ ဒဿမ ၆ သန်း၏ ဘဝအရေးသည် များစွာစိတ်ဝင်စားမှု ခံလာရသည်။ သို့ရာတွင် အစ္စရေးနိုင်ငံရေးအား ဖိအားပေးခြိမ်းခြောက်နေသော အခြားပြဿနာမှာ အစ္စရေးနိုင်ငံတွင်း နေထိုင်သော အာရပ်နိုင်ငံသာများ၏ အဆင့်အတန်းနှင့် အနာဂတ်ပင်ဖြစ်သည်။ ထိုသူများ၏ အရေအတွက်မှာ ၁ ဒဿမ ၇ သန်းရှိပြီး လူဦးရေ၏ ၂၁% ပတ်ဝန်းကျင်ရှိသည်။

    အစ္စရေးဝန်းကြီးချုပ် ဘင်ဂျမင်နာတာရာဟု၏ ဒုတိယအကြိမ်သက်တမ်း ၂၀၀၉ ခုနှစ်တွင် အာရပ်များ၏ နိုင်ငံရေး အခွင့်အရေးများ ရုပ်သိမ်းရန် အဆင့်လိုက် ဆောင်ရွက်ခဲ့သည်။ အစ္စရေးပေါ်လစီရေးဆွဲသူများသည် သူတို့၏ နိုင်ငံကို ဒီမိုကရေစီ ဂျူးနိုင်ငံတော်ဟု ဖွင့်ဆိုခဲ့ကြသော်လည်း အထက်ပါဖြစ်ရပ်များက ဒီမိုကရေစီထက် ဂျူးကိစ္စကို အချိန်အစောကြီးကတည်းက ပိုပြီးဦးစားပေးကြောင်း ပြသနေပေသည်။

    ဤပြင်းထန်ကြမ်းတမ်းသောတိုက်ခိုက်မှုက အာရပ်လူ့အသိုင်းအဝိုင်း ခေါင်းဆောင်များအကြား မည်သို့တုန်ပြန်ရမည်ဟူသော အခြေအတင် အငြင်းပွါးမှုတခုကို ဖြစ်ပေါ်လာစေခဲ့သည်။ အုပ်စုတစုက အာရပ်နိုင်ငံသားများကို ပင်မလူ့အဖွဲ့အစည်းနှင့် ပိုမိုနက်ရှိုင်းစွာ စည်လုံးညီညွတ်စေလိုကြပြီး ဤပေါင်းစည်းအင်အားဖြင့် အစ္စရေးကို အမျိုးသားစင်မြင့်ထက် တန်းတူအခွင့်အရေးပေး စေချင်ကြသည်။

    အခြားအုပ်စုက အာရပ်များကို အမျိုးသားနိုင်ငံရေးမှ ဆုတ်ခွါစေချင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ယဉ်ကျေးမှု၊ ပညာရေးနှင့် နိုင်ငံရေးအဆောက်အအုံများဖြင့် အစားထိုးစေချင်ကြသည်။ ယ္ခုအခိုက်အတန့်တွင် အာရပ်နိုင်ငံရေးခေါင်းဆောင်များသည် ပထမချဉ်းကပ်မှုကို ပိုလက်ခံဟန် သဘောရှိသည်။

    အစ္စရေး၏အာရပ်နိုင်ငံသားများသည် (၁၅၀,၀၀၀) ခန့်ရှိသော အာရပ်လူမျိုးများကို နေထိုင်ရာဒေသမှ အတင်းအကြပ်မောင်းထုတ်သော (၁၉၄၈) ခုနှစ် အာရပ် နိုင်ငံထူထောင်ချိန်ကာလ၏ ကျန်ရစ်သူ သွေးချင်းသာချင်းများ ဖြစ်ကြသည်။ နောက်ဆယ်စု(၂)ခုအတွင်း၌ ထိုကျန်ရစ်သူများသည် ဆင်းရဲတွင်းနက် နိမ့်ကျသောလူမှုအဆင့်အတန်းနှင့်နည်းပါးသောပညာရေးအခွင့်အလမ်းတို့ဖြင့် စစ်အုပ်ချုပ်ရေး မာရှယ်လောအောက်တွင် နေထိုင်ကြရတော့သည်။ ပြည်တွင်းပြည်ပခရီးသွားလာမှုကို ကန့်သတ်ချုပ်ချယ်ပြီး စီးပွားရေးလုပ်ငန်းသစ် ထူထောင်ရာတွင်လည်း ဘောင်ကျဉ်းကျဉ်းသာ ခွင့်ပြုပေးသည်။

    Join List ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် Ay Odeh တဲလ်အဗစ်မြို့၌ ဆန္ဒပြစဉ်(Internet)

    (၁၉၆၆) ခုနှစ်မှစတင်၍ မာရှယ်လောအုပ်ချုပ်ရေးကို ရုပ်သိမ်းခဲ့သည်။ ထိုအချိန်မှစ၍ အာရပ်များ၏ အခြေအနေမှာ ကြီမားစွာ တိုးတက်ပြောင်းလဲ လာသည်။ ပညာရေးတခုတည်းပင်လျှင် (၁၉၆၀) ခုနှစ်၌ တက္ကသိုလ်များတွင် တက်ရောက်နေသူ (၆၀)ဦးရှိနေရာမှ ယ္ခုအခါ (၂၀,၀၀၀) ကျော်ခဲ့ပြီဖြစ်သည်။ အရေအတွက်၏ (၂/၃) မှာအမျိုးသမီးများဖြစ်ကြသည်။ ၎င်းတွင် ပြည်ပပညာသင် ထွက်ခွါသူဦးရေ တစ်သောင်း မပါသေးပါ။ လူနေမှုအဆင့်အတန်းလည်း မြင့်တက်လာကာ အမျိုးသမီးတို့ အဆင့်အနေအထားသည်လည်း တိုးတက်လာခဲ့သည်။ အားကောင်းသော လူလတ်တန်းစား ပေါ်ထွန်းခဲ့ပြီ ဖြစ်သည်။

    ထို့အပြင် မွေးဖွားနှုန်းကို ကျေးဇူးတင်ရမည်ဖြစ်သော လူငယ်လူဦးရေများပြားခြင်းလည်း ရှိနေပြန်သည်။ အစ္စရေးအာရပ်များ၏ ထက်ဝက်သည်အသက် (၂၀) အောက်ဖြစ်ကြပြီး ဆက်လက်၍လည်း အစိုးရအကူအညီမပါဘဲ ကြီးထွားမှု လျှင်မြန်ဆဲဖြစ်သည်။ ဂျူးအစ္စရေးတို့၏ အသက်(၂၀) အောက် လူငယ်လူဦးရေးမှာ(၃၀%)သာ ရှိသည်။

    အတိုချုပ်ဆိုသော် အစ္စရေးနိုင်ငံရှိ အာရပ်တို့သည် ပို၍ချမ်းသာ၊ ပို၍ကျန်းမာပြီး ခါတိုင်းထက်မတူအောင် အရေအတွက်များပြားနေပြီ ဖြစ်သည်။ သို့သော်လည်း သူတို့၏ ခေတ်ပြိုင်ဂျူးများနောက်တွင် တိုင်းတာမှုအရ နောက်ကျ ကျန်နေဆဲဖြစ်သည်။ (၂၀၁၃)ခုနှစ် ရနိုင်သော အရင်းဇယားများအရ အစ္စရေး အာရပ်အိမ်ခြေတခု၏ ပျမ်းမျှဝင်ငွေ ဒေါ်လာ(၂၇,၀၀၀)ရှိချိန်တွင် ဂျူးအိမ်တအိမ်တွင် ပျမ်းမျှဝင်ငွေဒေါ်လာ (၄၇,၀၀၀) ရှိနေသည်။ (၇၅%)နီးပါး ပိုမြင့်နေသည်။ မွေးကင်းစခလေး သေးဆုံးနှုန်းတွင်လည်း အာရပ်တို့က နှစ်ဆမြင့်မားနေသည်။

    အာရပ်များ၏ အစ္စရေး ဗျူရိုကရေစီယန္တယားနှင့် ပညာရှင်အဆောက်အအုံများတွင် ကိုယ်စားပြုမှုမှာ(၂%) အောက်သာရှိသည်။ အာရပ်များသည် နက်နက်ရှိုင်းရှိုင်း ခွဲခြားဆက်ဆံခြင်းဆက်ခံနေရပြီး ၎င်းတို့၏ (၉၀%)သည် တမြို့လုံးနီးပါး၊ တရွာလုံးနီးပါး အာရပ်များနေထိုင်သော မြို့ရွာများ၌သာ နေထိုင်ကြရသည်။ ချွင်းချက်အားဖြင့် အချို့ကလေးများသည် အာရပ်နှင့် အစ္စရေးခွဲခြားသင်သောကျောင်း၌ တက်ခွင့်ရခြင်းသာရှိသည်။

    ထို့ပြင် အဆောက်အဦးသစ်ဆောက်လုပ်ရန် မြေကွက်ချထားပေးမှု၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံဌာနများအား ဘဏ္ဍာငွေထောက်ပံ့မှုနှင့် ပညာရေးဆိုင်ရာ ရံပုံငွေကိစ္စများတွင်လည်း ဆက်လက်ဖြစ်ပေါ်ဆဲ ခွဲခြားဆက်ဆံမှုအောက်တွင် အာရပ်များသည် အတိဒုက္ခခံစားကြရသည်။ အာရပ်များသည် လူဦးရေ၏ (၂၁%) ရှိသည့်တိုင် အာရပ်လူအသိုင်းအဝိုင်းများသည် လူထုသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ငွေကြေးရံပုံငွေ (၇%) သာရရှိပြီး ယဉ်ကျေးမှုအဆောက်အအုံများအတွက် (၃%) သာ အစ္စရေးယဉ်ကျေးမှုနှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာနချမှတ်ပေးသည်။ အာရပ်ကျောင်းများသည်လည်း သိသာထင်ရှားစွာ အရင်းအမြစ်ချို့တဲ့လျှက်ရှိသည်။ ဤအချက်လက်များမှာ အစ္စရေးအာရပ်နိုင်ငံသားများကို ကိုယ်စားပြုသော အစိုးရမဟုတ် အဖွဲ့အစည်း (Mossawa Centre) မှ ရရှိခြင်းဖြစ်သည်။

    အစ္စရေးသည် လူမျိုးစုအမျိုးသားရေးလမ်းကြောင်းကို အဓိပ္ပါယ်ဖွင့်ဆိုရာ၌ အာရပ်လူနည်းစုများကို ထည့်သွင်းမထားခြင်းဖြစ်သည်။ အစ္စရေးအမျိုးသားသီချင်းတွင် ဇီယွန်အမိမြေ၌ ဒေးဗစ်ကြယ်အလံလွှင့်ထူရန် ဆန္ဒတောင့်တမှုရှိကြောင်း အကျော်တစော ဖော်ပြထားသည်။ ဤနည်းလမ်းများဖြင့် အစ္စရေးအစိုးရသည် ဂျူးအများစုကြီး၏ လွှမ်းမိုးဩဇာရှိမှုကို ထိမ်းသိမ်းပြီး လူနည်းစုအာရပ်တို့၏ စစ်မှန်သောတန်းတူမှုကို ငြင်းပယ်ခဲ့သည်။

    လူမူစီးပွားတိုးတက်မှု အရသာကို ခံစားနေရသော်လည်း စစ်မှန်သောတန်းတူညီမျှမှု ရရှိနိုင်ရေး အစိုးရ၏ အဖက်ဖက်မှ ကာကွယ်ထားဆီးမှု ကြုံနေရသော အာရပ်များ၏ တုန့်ပြန်မှုသည် အစ္စရေးလူ့အဖွ့ဲစည်း နိုင်ငံရေးနှင့် လုံခြုံရေးအနာဂတ်ပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုရှိမည် ဖြစ်သည်။

    အထက်တွင် အာရပ်ခေါင်းဆောင်များ၏ မတူညီသော တုန့်ပြန်မှု စဉ်းစားချက်(၂)ရပ်ကို ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ဤသို့ကွဲပြားခြားနားသည့်တိုင် ဘုံသဘောတူညီမှု ရရှိထားသော နယ်ပယ်များလည်း ရှိပါသည်။ အာရပ်များ၏ နိုင်ငံရေးလားရာအားလုံးသည် အစိုးရ၏ ခွဲခြားထားရှိပီး ခြားနားသော နည်းလမ်းများဖြင့် မျက်နှာသာပေး ဖိနှိပ်ဆက်ဆံမှုများကို ဆန့်ကျင်ကန့်ကွက်ကြသည်။ အစိုးရ၏ အများသိကြေငြာထားသော ယုံကြည်ချက် စိတ်သန္နိဋ္ဌာန်ဖြစ်သော ဒီမိုကရေစီရေးနှင့် ဂျူးလက္ခဏါရှိ နိုင်ငံတော်ဆိုသည်မှာလည်း အမျိုးသားပြန်လည် သင့်မြတ်ရေးမရနိုင်ဟု သဘောတူညီကြသည်။ အစ္စရေးပါလက်စတိုင်းပြဿနာကို နိုင်ငံ(၂)ခု နည်းလမ်းဖြင့် ဖြေရှင်းရမည်ကို အာရပ် (၇၁%) ကထောက်ခံကြောင်း (၂၀၁၅)ခုနှစ် ကွင်းဆင်းလေလာမှုတွင့်တေ့ွရှိရသည်။ အစ္စရေး အာရပ်များ၏ ပါတီမန်တွင်း တိုက်ပွဲများသည် တိုးတက်အောင်ပွဲရရှိခဲ့သည်။

    (၂၀၁၄)ခုနှစ် မတ်လ၌ လွှတ်တော်တွင် ကိုယ်စားပြုနိုင်ရန် အမတ်လောင်းရမည့် မဲအရေအတွက်ကို လူထုမဲ (၂%) မှသည် (၃.၅) ထိမြင့်တင်လိုက်သည်။ ဥပဒေကို အတည်ပြုလိုက်သည်။ ဤဥပဒေ၏ ရည်ရွယ်ချက်မှာ (၂၀၁၅)ခုနှစ် ရွေးကောက်ပွဲတွင် အစ္စရေးတောင်ပိုင်းရှိ အာရပ်ပါတီ(၄)ပါတီ အရွေးခံရမှုကို လျှော့နည်းစေရန် ဖြစ်သည်။

    အာရပ်ပါတီ (၄) ပါတီသည် ရှုံးနိမ့်မှုကို ကာကွယ်ရန်(Join List) ဆိုသော ညွှန့်ပေါင်းပါတီဖွဲ့လိုက်ပြီး ထိုနှစ်မတ်လရွေးကောက်ပွဲ၌ မဲတမဲတည်းထည့်နိုင်ရန် စီစဉ်ကြသည်။ အစ္စရေးဝန်ကြီးချုပ်နာထာရာဟုက “အာရပ်မဲများသည် အုပ်စုလိုက်ကွဲသွားကြမည်၊ ဤနည်းဖြင့်ဂျူးအမတ်များ ပိုအနိုင်ရလိမ့်မည်” ဟူ၍ လူမျိုးရေးကြွေးကြော်သံ တင်ခဲ့သည်။

    ရွေးကောက်ပွဲတွင် အာရပ်ညွန့်ပေါင်းပါတီ(Joint-Fist)သည် အာရပ်များ၏မဲ (၆၃.၅%) ရပြီး အောင်ပွဲခံခဲ့ကာ လွှတ်တော်တွင် (၁၃) နေရာဖြင့် တတိယအကြီးဆုံးပါတီ ဖြစ်လာခဲ့သည်။ အကြီးဆုံးပါတီမှာ နာတာရာဟု၏ လီကွက်ပါတီဖြစ်ပြီး ဒုတိယမှာ လက်ဝဲဗဟိုဇီယွန်ဝါဒီသမဂ္ဂ ဖြစ်သည်။ အာရပ်တို့၏ နိုင်မဲသည် (၂၀၁၃) ရွေးကောက်ပွဲတွင် (၅၆.၅%) သာရှိခဲ့သည်။ ဤအောင်ပွဲသည် အမျိုးသားနိုင်ငံရေးက အပြောင်းအလဲအတွက် လမ်းဖွင့်ပေးခြင်းဖြစ်သည်။ အနည်းဆုံး လကျာ်ယိမ်းအုပ်စုများ၏ တိုင်းပြည်တွင်း အာရပ်များ တိုးတက်ကြီးထွားမှုကို နှောင့်နှေးစေရန် (သို့) ရပ်တံ့သွားစေရန် လုပ်ရပ်ကို မအောင်မမြင် ဖြစ်စေခဲ့သည်။

    ဤတိုးတက်အောင်မြင့်မှုများက အာရပ်ခေါင်းဆောင်များအကြား ချဉ်းကပ်မှုအသစ် ရှာဖွေရေးကို ပိုမိုတွန်းအားပေးခဲ့သည်။ အဓိကရွေးချယ်ရန် (၂)ခုမှာ ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ ပထမတခုကို Odeh က ခေါင်းဆောင်အကောင်အထည်ဖေါ်သည်။ နာတာရာဟူအစိုးရအား ဖယ်ရှားပြီး ၎င်းအစား ဗဟိုလက်ဝဲညွန့်ပေါင်းအစိုးရတရပ် အစားထိုးပြီး အာရပ်နိုင်ငံသားညီညွတ်ရေးနှင့် တန်းတူရေးရှေ့ဆက် တိုးနိုင်ရန် အစဉ်လာအဆင့်သစ်များ စဉ်းစားသွားရန်ဖြစ်သည်။ ဒုတိယတခုကို မြောက်ပိုင်းအစ္စလာမ်အဖွဲ့ခွဲနှင့် လွှတ်တော်ထဲရှိ အာရပ်နိုင်ငံရေးပါတီ(Balad)အား ကိုယ်စားပြုသူများက ခေါင်းဆောင်သည်။ သူတို့က အစ္စရေးလက်ဝဲဝါဒီများနှင့် ညွန့်ပေါင်းဖွဲ့ခြင်းကို ဆန့်ကျင်သည်။ နှစ်ခုလုံးက အာရပ်နိုင်ငံသားများ၏ သီးခြားနိုင်ငံရေးကိုယ် ထည်ရှိခြင်းကို ထောက်ခံကြသော်လည်း ပထမတခုက လွှတ်တော်တွင်းမဲများက ပိုတိုးပွားအင်အားကြီးခြင်းကို ယုံကြည်ပြီး ဒုတိယတခုက အစားထိုးရန်သာ လိုလားသည်။

    ဤအားပြိုင်လမ်းကြောင်းများက အာရပ်လူထုကို သွေးကွဲစေခဲ့သည်။ (၂၀၁၅)ခုနှစ်တွင် ပြုလုပ်သော လူမှုဗေဒပညာရှင် Smooha ၏ လေ့လာမှုစစ်တမ်းအရ (၇၆%) သောအာရပ်များက (Joint-Fist) ပါတီများ လွှတ်တော်တွင်း၌ ဂျူးပါတီများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကို ထောက်ခံကြသည်။ သို့သော်(၃၃%)ကမူ လွှတ်တော်ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် ဆန္ဒပြုကြသည်။

    အစ္စရေးအာရပ်များ၏ အနာဂတ်သည် ဤအတွင်းကွဲပြဲမှုများကို ကျော်လွှားဖြေရှင်းနိုင်စွမ်းပေါ်တွင် တစိတ် တပိုင်း မူတည်နေသည်။ လက်တွေ့တွင် ဤစင်ပြိုင်အမြင်များကို ပေါင်းစည်းရေးအစီအစဉ်များအတွင်း၌ ပူးတွဲလုပ်ဆောင်နိုင်သည်။ ပညာရေးနှင့် ယဉ်ကျေးမှုပေါ်လစီများနှင့် ပတ်သက်လျှင် တည်ရှိနေသော အဆောက်အအုံများနှင့် ပိုမိုသြဇာရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးလိုချင်သူများကို အညီအမျှ ကိုယ်စားပြုပါဝင်ဆောင်ရွက်ခြင်းဖြင့်ဖြေရှင်းနိုင်သည်။

    လမ်းကြောင်းတခုသည် မည်သည့်အသွင်သဏ္ဍာန်ဆောင်သည်ဖြစ်စေ အကြမ်းမဖက်ရေးအတွက် အာရုံပြုရမည်ဖြစ်ပြီး အစိုးရအားလည်း နိုင့်ငံတော်အရင်းအမြစ်များ အသုံးချနိုင်ရေး ပြုချထားရာတွင် ခွဲခြားဘက်လိုက်မှုများ အဆုံးသက်ရန် ရှင်းလင်းစွာတောင်းဆိုရမည် ဖြစ်သည်။

    အစ္စရေးအာရပ်များ၏ အနာဂတ်သည် သူတို့အနည်းငယ်သာ ထိမ်းချုပ်နိုင်သော တိုးတက်ဖွံဖြိုးမှုများ လုပ်ဆောင်ရာတွင် မည်မျှခရီးပေါက် မည်မျှအောင်မြင်သည်ဆိုသည့်အပေါ် မူတည်လျှက်ရိုသည်။ ပထမမှာ နာတာရာဟုနှင့် သူဆက်ခံသူအစိုးရများက ဖြစ်ပွါးလျှက်ရှိသော အစ္စရေးနှင့် ပါလက်စတိုင်း ပဋ္ဋိပက္ခအတွင်း ပြောင်ပြောင်တင်းတင်း အကြမ်းဖက်မှုများကြောင့် ဂျူးလူများစုအကြား အာရပ်မုန်းတီးရေးစိတ်များ ပိုမိုဆိုးဝါးပြင်းထန်လာခြင်းကို မည်သို့ အဖြေရှာမည်ဆိုခြင်းပင်ဖြစ်သည်။ ဒုတိယမှာ အစ္စရေးအစိုးရများက သူ့နိုင်ငံသား အာရပ်များကို မည်သို့ ကိုင်တွယ်အလေးဂရုပြုမည်ဆိုခြင်း ဖြစ်သည်။

    မည်သို့ပင်ဆိုစေ အစ္စရေးအာရပ်များသည် မိမိကံကြမ္မာကို မိမိတို့ဖါသာ ပုံသွန်းနိုင်စွမ်း ရှိကြသည်။ သို့သော်လည်း ညီညွတ်သော နိုင်ငံရေးအစီအစဉ်များ ရေးဆွဲပီးလုပ်ဆောင်ရန်တော့ လိုလိမ့်မည် ဖြစ်သည်။
    မှတ်ချက်- Foreign Affairs ဂျာနယ် July/Aug 2016 မှ Asiad Gharem ၏ ဆောင်းပါးကို အကျဉ်းချုပ် ဘာသာပြန်ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    25,400SubscribersSubscribe
    spot_img

    Latest posts