Homeသတင်းကရင်-တနင်္သာရီ JMC-S တွင် မွန်ပြည်သစ်ပါဝင်နိုင်ရေး JICM သို့တင်ပြထားဆဲ

ကရင်-တနင်္သာရီ JMC-S တွင် မွန်ပြည်သစ်ပါဝင်နိုင်ရေး JICM သို့တင်ပြထားဆဲ

-

မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၁၇)။ ။ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S တွင် မွန်ပြည်သစ်ပါတီ NMSP ပါဝင်နိုင်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM သို့ ဆွေးနွေးရန် တင်ပြထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုအဆင့် JMC-U အတွင်းရေးမှူး(၁) ဒေါက်တာ ရွှေခါးရ်က ‘‘ကျွန်တော်တို့ ပြည်ထောင်စုအဆင့်မှာ ဒီဆုံးဖြတ်ချက်မရရှိနိုင်တဲ့အတွက်ကြောင့် JICM မှာ ထပ်ပြီး တော့ ဆွေးနွေးကြပါဆိုပြီးတော့ပဲ နှစ်ဖက်စလုံးကို ကျွန်တော်တို့ တင်ပြထားပါတယ်။ JICM လား။ ဒါမှ မဟုတ် တခြား JICM ကဲ့သို့သော ထိပ်သီးခေါင်းဆောင်များဆွေးနွေးတဲ့အခါကျလို့ရှိရင် ဒီကိစ္စကို ဆွေးနွေးကြပါလိမ့်မယ်’’ ဟု ပြောသည်။

MNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်း(ဘယ်အစွန်) JMC-U (၁၈) ကြိမ်မြောက်အစည်းအဝေးတက်ရောက်စဉ်(Facebook)

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ NCA လက်မှတ်ရေးထိုးအပြီး နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အစိုးရနှင့် NCA လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်အဆင့် တွေ့ဆုံသည့် JICM အစည်းအဝေးကို နောက်ဆုံးအကြိမ်ကျင်းပခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ် မည်သည့်အချိန်တွင် JICM အစည်းအဝေး ဆက်လက်ကျင်းပမည်ကို မသိရှိနိုင်သေးပေ။

အလားတူ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက “ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ကျွန်တော်တို့ မွန်တပ်တွေ ရှိနေတယ်၊ မွန်တပ်တွေကို အဲဒီနေရာတွေမှာ အခြေစိုက်ဖို့ ၁၉၉၅ ကတည်းက တပ်မတော်နဲ့ သဘောတူညီချက်ရရှိထားတာ ဖြစ်တယ်၊ နောက်ပြီး မွန်ပြည်သူလူထုက အများဆုံးနေထိုင်တဲ့ နေရာလည်းဖြစ်တယ်၊ ဒါကို JMC-S ကရင်နဲ့ တနင်္သာရီထဲမှာ ပါဝင်ခွင့်ရဖို့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကော်မရှင် PC ကို အကူအညီတောင်းထားတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

JMC-U ပြည်ထောင်စုအဆင့်တွင် မွန်ပြည်သစ်ပါဝင်သော်လည်း ကရင်-တနင်္သာရီ JMC-S ၌ ပါဝင်ခွင့်မပြုသဖြင့် JMC-S မွန်တွင် ပါဝင်ခြင်းမပြုနိုင်ဟု မွန်ပြည်သစ်ပါတီဗဟိုကော်မတီက ဆုံးဖြတ်ထားကြောင်း ၎င်းကဆိုသည်။

မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အခြေစိုက်လှုပ်ရှားလျက်ရှိသည့် မွန်လူမျိုးများ အထူထပ်ဆုံးနေထိုင်ရာဒေသများဖြစ်သည့် ကရင်ပြည်နယ်အတွင်း ခရိုင်ဌာနချုပ်ရုံး ၃ ခုနှင့် တပ်ရင်း ၃ ရင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရိုင်ဌာနချုပ်ရုံး ၂ ခုနှင့် တပ်ရင်း ၂ ရင်းရှိကြောင်း မွန်ပြည်သစ်ပါတီမှတ်တမ်းအရ သိရသည်။

သို့ရာတွင် ကရင်အမျိုးသားအစည်းအရုံး KNU အား ကရင်၊ မွန်၊ ပဲခူးနှင့် တနင်္သာရီ JMC-S ၄ နေရာ၌ ပါဝင်ခွင့်ပေးထားသော်လည်း မွန်ပြည်သစ်ပါတီကိုခွဲခြား၍ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင် ပါဝင်ခြင်းမပြုနိုင်သည်မှာ တပ်မတော်၏ သဘောထားဖြစ်သည်ဟု ငြိမ်းချမ်းရေးဖြစ်စဉ်စောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts