spot_img
Saturday, May 4, 2024
More
    spot_img
    Homeဆောင်းပါးဝါခေါင်လပြည့်မှ အစပြုခဲ့သည်

    ဝါခေါင်လပြည့်မှ အစပြုခဲ့သည်

    -

    ဝါခေါင်လပြည့်နေ့ရောက်တိုင်း မွန်ခေါင်းဆောင်များအုတ်ဂူရှေ့တွင် လူငယ်များ အခမ်းအနားဖြင့် လာရောက်ဂါရဝပြုကြစဉ်(MNA)

    အရပ်ရှစ်မျက်နှာခွင်လုံး ညို့မှိုင်းမှိုင်း အေးစိမ့်စိမ့်။ ဝါခေါင်မိုးသည် ရပ်တန့်ဖို့မလွယ်သည့် သံပတ်ပေးထားသော စက်နာရီတစ်လုံးပမာ အချိန်မှန်ရွာသွန်းနေသည်။ ” ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင် ” ဆိုသည့် စာချိုးနှင့်အညီ ရေများ ကမ်းပါးဘောင်ဘင်ခတ်ရုံမက ရေကြီးရေလျှံမှုများ အောက်ပြည်အောက်ရွာအနှံ့ ခံစားခဲ့ရသည်။ ရေဘေးဒုက္ခအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ တည်ဆောက်နေဆဲ အချိန်ကာလဖြစ်သည်။ ဝါခေါင်မိုးစက်များကြား အတိတ်ကန့်လန့်ကာပေါ်တွင် ကျွန်တော်တို့အတွက် သမိုင်းတွင်ခဲ့သည့် ရက်စွဲများ ရှိခဲ့ပါသည်။

    ‘ဝါဆို၊ ဝါခေါင်’ သည် ခရီးသွားများအတွက် စိတ်ပျက်စရာ လရာသီလည်းဖြစ်သည်။ နေရာတိုင်း စိုစိုစွတ်စွတ်နှင့် မည်သို့မျှ အဆင်ပြေချောမွေ့ခြင်းမရှိ။ ကျွန်တော်တို့အားလုံး၏ ရင်ထဲတွင် ရာသီဥတုကြောင့် စိတ်ပျက်မနေပါ။ ခန္ဓာကိုယ်အသွေးအသားထဲ အသားတံဆိပ်ပမာ ရိုက်နှိပ်ထားသည့် မွေးရာပါဗီဇ။

    ဝါခေါင်လပြည့်နေ့ရောက်တိုင်း ပေးဆပ်သူခေါင်းဆောင်များ လဲလျောင်းခေါင်းချရာနေရာသို့ ဦးညွှတ်ဂါရဝပြုရန် ကျွန်တော်တို့ ချီတက်ကြသည်။ ဝါခေါင်လပြည့်နေ့သည် အဓိပ္ပါယ်များစွာ ပြည့်နှက်လျက် တန်ဖိုးများစွာနှင့်။ မပြီးဆုံးသေးသော တော်လှန်ရေး၊ မရောက်သေးသော ပန်းတိုင်။ ခေတ်တွေ မည်သို့ပင် ပြောင်းလဲခဲ့ပါစေ အသွေးအသားထဲမှ ဝါခေါင်လပြည့်နေ့ကို တန်ဖိုးထားခဲ့ကြသည်။ ပေးဆပ်ခဲ့သူ ဘိုးဘွားများ၏ဝိဉာည်များ၊ လမ်းစဉ်များ၊ အမျိုးသားရေးမူဝါဒများ ပန်းတိုင်ရောက်ဖို့ရန်အတွက် ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်များသည် သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့် ဆက်လက်တိုက်ပွဲဝင်ရဦးမည် ဖြစ်သည်။

    ဝါခေါင်လပြည့်နေ့ရောက်တိုင်း မွန်ခေါင်းဆောင်များအုတ်ဂူရှေ့တွင် လူငယ်များ အခမ်းအနားဖြင့် လာရောက်ဂါရဝပြုကြစဉ်(MNA)

    ခေတ်တစ်ခေတ် ပြောင်းလဲသွားတိုင်း မတူညီကွဲပြားသော မူဝါဒအကြွင်းများ ဖြာထွက်လာတတ်သည်။ သမိုင်းဆိုသည်မှာ အောင်မြင်ခဲ့သူများအတွက်သာ သီးသန့် ရေးထိုးလေ့ရှိသည်။ ခေတ်တစ်ခု၏ “ကောင်းမွေ၊ဆိုးမွေ” နှစ်ရပ်လုံးကိုလည်း ခံနိုင်ရည်ရှိအောင် ကြိုးစားရမည်ဖြစ်သည်။ အပြောင်းအလဲကြား သကာလူး ဖျာခင်းတတ်သည့်အကျင့်များ ကိန်းအောင်နေတတ်သည်။ “အောင်မြင်ခြင်း၊ ကျရှုံးခြင်း” စသော အကျိုးအမြတ်တွက်ချက် နာမည်ကောင်းလက်မှတ်ရရှိရန် ချောင်းနေသည့် အချောင်သမားများပင်ဖြစ်သည်။ သမိုင်းသည် အချောင်သမားများအတွက် နေရာမရှိ။ ဖောက်ပြန်သွားသူများအတွက် ကွက်လပ်မရှိ။ ခံယူချက်နှင့် ပေးဆပ်သူများအတွက်သာ ကမ္ဗည်းတင် ရေးထိုးကြလိမ့်မည် ဖြစ်သည်။

    အတိတ်တစ်ခုမှ စတင်အခြေပြုခဲ့သော တော်လှန်ရေးသည် နှစ်ပေါင်းခုနှစ်ဆယ်ကျော်တိုင် ကြာမြင့်ခဲ့သော်လည်း ကျွန်တော်တို့သွေးထဲ ယနေ့တိုင်စီးဆင်းနေဆဲ။ တန်းတူအခွင့်အရေး ဆုံးရှုံးမှုကြောင့် တော်လှန်ခဲ့သည့် တော်လှန်ရေး။ ခွဲခြားဆက်ဆံခံရမှုကြောင့် ရင်ဘတ်ထဲမှ နိုးထလာခဲ့သည့် အားမာန်သစ်။ အသက်ပေါင်းများစွာ စတေးခဲ့ရသော မဆုံးသေးသည့် တော်လှန်ရေး။ ယနေ့တိုင်း သွေးစိမ်းများဆူဝေနေဆဲ။ ပေးဆပ်မှု အသီးအပွင့်များ ယနေ့ကျွန်တော်တို့ ခံစားနေရပြီဖြင့်သော်လည်း ပြီးပြည့်စုံသည့် အနေအထားသို့ မရောက်ရှိသေးပါ။ အသက်ဝိဉာဉ်ကျန်နေသရွေ့ ကျွန်တော်တို့ ဆက်လက်ချီတက် တိုက်ပွဲဝင်ရဦးမည် ဖြစ်သည်။

    မြင်ကွင်းများက ဝိုးတဝါးနှင့် သဲကွဲခြင်းမရှိ။ လမ်းများရှုပ်ယှက်နေလျက်။ အိပ်မက်များဝေဝါးနေဆဲ။ အော်ဟစ်သံ၊ နာကျင်ညည်းညူသံ၊ ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ်တုန်ဟီးသံများ။ နှလုံးသားတစ်ခုလုံး မီးဟုန်းဟုန်းတောက် လောင်ကျွမ်းပြာကျခဲ့။ သွေးစီးကြောင်းများက လောင်ကျွမ်းခြင်း ဒိုင်ယာရီမဟုတ်။ ဖြေဆည်လို့ မရနိုင်ခဲ့သည့် မျက်ရည်မြစ်များ။ သွေးစီးကြောင်းနှင့်အတူ စတေးခဲ့ရသည့် ဝိဉာည်များ။ လူမဆန်စွာ သတ်ဖြတ်ခြင်းခံခဲ့ရသည့် အသက်များ။ ပဒေသရာဇ်ခေတ်မှစ၍ လောင်မြိုက်ခဲ့သည် အတွင်းဒဏ်ရာ။ သက္ကရာဇ်တွေ တိုက်စားခဲ့ပါပြီ။ ယနေ့တိုင် အိမ်ပြန်ချိန်ဝေးကွာနေဆဲ။ ရေမျောကမ်းတင် ခိုနားစရာရင်ခွင်မဲ့နေဆဲ။ သိမ်ငယ်စိတ်များမောင်းထုတ် ဝါခေါင်လပြည့်မှ အစပြုခဲ့သည်။

    လူမျိုးကြီးဝါဒကြား ကျွန်တော်တို့ အမှတ်အသားများ တဖြည်းဖြည်း ဝါးမြိုခြင်းခံခဲ့ရသည်။ နည်းအမျိုးမျိုးဖြင့် ဆက်လက်ဝါးမြိုနေဆဲ။ “အမိမဲ့သားရေနည်းငါး” ပမာ ပြည်သူများခံစားနေရသည့်ကို ဆက်လက် မကြည့်ရက်နိုင်တော့သည့် မျိုးချစ်လူငယ်တစ်စု။ ၁၃၁၀ခုနှစ်၊ ဝါခေါင်လပြည့်နေ့တွင် တော်လှန်ရေးမျိုးစေ့ ပြုစုပျိုးထောင်ခဲ့ပါသည်။ “ဇာသပြင်” ဆိုသည့်ရွာလေးမှ ရုန်းကြွလာသည့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်။ ဆုံးရှုံးနေသည့် တန်းတူအခွင့်အရေး။ ခေတ်အဆက်ဆက် ဘောင်အတွင်းမှ တောင်းဆိုခဲ့ကြသည်။ အနာဂတ်တက်လမ်း အိပ်မက်များ စွန့်လွှတ်အနစ်နာခံလျက် တောင်းဆိုခဲ့ကြသည်။ မရသည့်အဆုံး တော်လှန်တောင်းဆိုခဲ့ကြသည်။

    ဝါခေါင်လပြည့်သည် ကျွန်တော်တို့အတွက် ပြယုဂ်တစ်ခုအနေဖြင့် ကျန်ရှိနေပါပြီ။ မပျောက်ပျက်အောင် ဆက်လက်လက်ဆင့်ကမ်း ထိန်းသိမ်းကြရမည်။ သွေးနှောမှုမရှိစေရန် မျိုးချစ်စိတ် အသွေးအသားထဲ ကိန်းအောင်နေရန် လှုံ့ဆော်နေရမည်။ လူတိုင်း မိမိတို့လူမျိုးစု၏ သမိုင်းကြောင်းကိုလည်း သိတတ်နားလည်နေရမည် ဖြစ်သည်။ သမိုင်းသည် ကြွားဝါရန်မဟုတ်။ အမျိုးဂုဏ်ဇာတိဂုဏ်ထိန်းသိမ်းရန်ဖြစ်သည်။ သမိုင်းသည်သင်ခန်းစာယူရန်ဖြစ်သည်။ တစ်ဦးတစ်ယောက်တိုင်း ကိုယ့်တာဝန် ကိုယ်ကျေပြွန်စွာ လုပ်ဆောင်နေရမည် ဖြစ်သည်။

    မိမိတို့၏ အမှတ်အသားများ ဖော်ထုတ်ခွင့်ကို တားဆီးပိတ်ပင်မှုများလည်း ရှိခဲ့သည်။ သွေးပျက်အောင် ခြိမ်းခြောက်မှုလည်း ရှိခဲ့သည်။ လေချိုသွေး လာဘ်လာဘများဖြင့် စည်းရုံးသိမ်းသွင် ဆွဲဆောင်မှုများလည်းရှိသည်။ ထိုအထဲတွင် သွေးနှော ဖောက်ပြန်သွားသူများလည်းရှိသည်။ နေရာအတွက် မာနတံတိုင်းခြားနေကြသည်။ လူအထင်ကြီးခံဖို့ ကိုယ်ဟန်ပြကြသည်။ ကိုယ်ပေါင်ကိုယ်ပြန်လှန်ထောင်းသည့် အဖြစ်များအဆုံးသတ်ချိန်တန်ပြီ။ နောက်ဆုံးထွက်သက်ထိ ကိုယ်ကျိုးမကြည့်ဘဲ အလံမလှဲ ဖက်တွယ်သွားသူများဝိဉာည်များကို အားနာရှက်တတ်ကြပါစေ။

    နှစ်ပေါင်းခုနှစ်ဆယ်ကျော် ဝါခေါင်လပြည့်မှအစပြုခဲ့သော တော်လှန်ရေးသည် လူမျိုးတစ်ရပ်လုံးကို ယနေ့တိုင်ကိုယ်စားပြုနေသည်။ ပွဲတော်ကိုအကြောင်းပြ ကတုံးပေါ်ထိပ်ကွက် အချောင်နှိုက်သူများ ကင်းပါစေ။ အစဉ်အလာတစ်ခုထက် ပိုမိုကောင်းမွန်သော အနှစ်သာရများလည်း ပုံဖော်ကြရမည်ဖြစ်သည်။ အမှတ်အသားများ ဝါးမြိုခံရမှုကြောင့် စတင်ခဲ့သော တော်လှန်ရေး။ အများနည်းတူ အသိအမှတ်ပြုမခံရသည့်အတွက်ကြောင့် တော်လှန်ခဲ့သည့် တော်လှန်ရေး။ တန်းတူးအခွင့်အရေး ဆုံးရှုံးမှုကြောင့် တော်လှန်ခဲ့သည့် တော်လှန်ရေး။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက် ရင်ဘတ်ထဲမှ ရုန်းထလာသည့် တော်လှန်းရေး။ ဝါခေါင်လပြည့်နေ့မှ တော်လှန်ခဲ့သည်။ ဝါခေါင်လပြည့်နေ့မှ စခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts