Homeသတင်းမွန်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယ(၆) လပတ်အစီရင်ခံစာ မြေပြင်အခြေအနေများနှင့်ကွဲလွဲမှုရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယ(၆) လပတ်အစီရင်ခံစာ မြေပြင်အခြေအနေများနှင့်ကွဲလွဲမှုရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြ

-

မွန်ပြည်နယ်လွှတ်တော် ဒဿမပုံမှန်အစည်းအဝေး(လွှတ်တော်)

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ မတ်လအထိ ဒုတိယ (၆) လပတ် အစီရင်ခံစာသည် မြေပြင်အခြေအနေများနှင့် ကွဲလွဲမှုရှိနေကြောင်း ဇွန်လ ၄ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒဿမပုံမှန်အစည်းအဝေး တတိယမြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြ၊ ဆွေးနွေးအကြံပြုခဲ့ကြပြီး မွန်ပြည်နယ်လွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်ကို တွေ့ရှိရသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် လွှတ်တော်ပုံမှန်အစည်းအဝေး (၈) ကြိမ်စလုံးတွင် တင်သွင်းထားခဲ့သည့်အဆို များနှင့် ပတ်သက်ပြီး ၈၀ ရာခိုင်နှုန်းမျှ အကောင်အထည်ဖော်ဆောင်ရွက်ပေးထားသော်လည်း ယင်းအစီရင်ခံက မြေပြင်အခြေအနေနှင့် ကွဲလွဲနေကြောင်း သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

“ကျွန်မ မေးခဲ့တဲ့မေးခွန်းပေါင်း ၂၉ ခုမှာတော့ အထက်တွင် တင်ပြအစီရင်ခံထားတဲ့ ၂၀၁၈ ခုနှစ် မတ်လကုန်တဲ့အထိ အစိုးရရဲ့ အစီရင်ခံစာမှာပါတဲ့အချက်နဲ့ မြေပြင်အနေအထားတွေ ကွဲလွဲနေပါတယ်”ဟု ၎င်းက ပြောသည်။

မိမိ ကတိဝင်ခဲ့သည့်မေးခွန်းများနှင့် ပတ်သက်ပြီး တိကျစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု မရှိခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင် နှောင့်နှေးကြန့်ကြာခြင်းနှင့် ဥပဒေအတိုင်း တိတိကျကျ အရေးယူဆောင်ရွက်မှု အားနည်းခြင်းတို့ကို တွေ့ရှိနေရသောကြောင့် မိမိကတိဝင်ခဲ့သည့်မေးခွန်းများနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအနေဖြင့် ၆၀ ရာခိုင်နှုန်းမျှသာ အကောင်အထည်ဖော်ပေးနိုင်ခဲ့သည်ကို သုံးသပ်မိကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

အလားတူ ပြည်နယ်လွှတ်တော်အစည်းအဝေး (၈) ကြိမ်အထိတွင် (၁၀) မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းပေါင်း ၂၈၃ ခုကို မေးမြန်းခဲ့ရာ အစိုးရဘက်က ၅၀% မျှသာ အကောင်အထည်ဖော်ပေးနိုင်သည်ကို တွေ့ရှိရကြောင်း၊ အရေးကြီးအဆို ၃၈ ခု တင်သွင်းခဲ့ရာ ၃၅% သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ဆိုသည်။

သို့ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး၊ လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးဝဏ္ဏကျော်က “အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ မိမိတို့ ပြည်နယ်အစိုးရသည် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အကြံပြုချက်များအပေါ်မှာ အထူးအလေးထားပြီးတော့ ပြည်နယ်သူ ပြည်နယ်သားများရဲ့ အကျိုးစီးပွားနဲ့ ပြည်နယ်တိုးတက်ရေးအကြောင်းကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါ့မယ်”ဟု ပြောသည်။

အလားတူ ယမန်နှစ်ကလည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ လွှတ်တော်သို့ တင်သွင်းသော ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဒုတိယ (၆) လပတ် အစီရင်ခံစာတွင် ကိန်းဂဏန်းအချက်အလက်အချို့ ကွဲလွဲမှုများ တွေ့ရှိရကြောင်း ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြဆွေးနွေးခဲ့ပြီး လွှတ်တော်မှ မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts