spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းပါတီလုပ်ငန်းလိုအပ်ချက်အရ နှုတ်ထွက်ရသည်ဟု ဦးမင်းထင်အောင်ဟန် ဆို

    ပါတီလုပ်ငန်းလိုအပ်ချက်အရ နှုတ်ထွက်ရသည်ဟု ဦးမင်းထင်အောင်ဟန် ဆို

    -

    မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်(MNA)

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ လုပ်ငန်းလိုအပ်ချက်အရ မိမိသဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးရာထူးတာဝန်မှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန်က ပြောသည်။

    “အခုပါတီက လူတွေအများကြီးအပြောင်းအလဲတွေလုပ်နေတာ၊ ဒီနေရာမှာ ပါတီရဲ့ လိုအပ်ချက်အရ ပါတီကလုပ်တာ၊ နိုင်ငံရေးလုပ်တဲ့အတွက် ပါတီရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမယ်” ဟု ၄င်းက ပြောသည်။

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ) တို့ပါပြဋ္ဌာန်းချက်များအရ မွန်ပြည်နယ်အစိုးဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ဦးမင်းထင်အောင်ဟန်ကို ယင်း၏ သဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မေလ ၂၉ ရက်တွင် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

    “လူကြီးတွေကိုလည်းပြောခဲ့ပြီးပါပြီ ကျွန်တော့်ရဲ့ မဲဆန္ဒရှင်တွေကို ဒီလိုဖြစ်သွားတယ်ဆိုတာ သူတို့စိတ်ထဲမှာအမျိုးမျိုးထင်ကောင်းထင်လိမ့်မယ်၊ ဒါက ပါတီရဲ့ လုပ်ထုံးလုပ်နည်းပဲ နိုင်ငံရေးမှာ ဒီလိုပဲဆိုတာ သူတို့ကို ရှင်းပြမယ်။ အဲဒါကို သူတို့ဘာမှ စိတ်မဖြစ်ဖို့၊ သူတို့ရဲ့အကျိုးစီးပွားကိုလည်း ကျွန်တော်အစိုးရအဖွဲ့မှာမရှိပေမယ့် ဒီထက်အများကြီးလုပ်ပေးနိုင်တယ်ဆိုတာ ရှင်းပြမယ်” ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။

    မိမိအနေဖြင့် မွန်ပြည်နယ်အစိုးရအတွင်း ၂ နှစ်တာ တာဝန်ထမ်းဆောင်နေစဉ်မှာ မီးလင်းရေးပြဿနာများစွာကို ဖြေရှင်းနိုင်ခဲ့ကြောင်း၊ ယခုတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရသည့်အပြင် ပါတီစည်းရုံးရေး၊ ပါတီတည်ဆောက်ရေးအတွက်လည်း ဆောင်ရွက်နိုင်မည်ဟု သူက ဆက်ပြောသည်။

    ဦးမင်းထင်အောင်ဟန်သည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts