spot_img
Saturday, May 4, 2024
More
    spot_img
    Homeဆောင်းပါးပေါင်းစည်းရေးတံခါး ဖွင့်ထားကြပါ

    ပေါင်းစည်းရေးတံခါး ဖွင့်ထားကြပါ

    -


    မွန် ၂ ပါတီ ပေါင်းစည်းရေး(ဝါ) မွန် ၁ ပါတီ ဖြစ်ရေးအတွက် ကြိုးပမ်း လှုပ်ရှားခဲ့တဲ့ ၆ နှစ်တာ အချိန်ကာလ တွေမှာ ရည်မှန်းချက်ရလဒ် အဖြေ ထွက်မလာနိုင်ဘဲ အချိန်သာ ကုန်ဆုံးခဲ့ရပြီးတော့ မွန်နိုင်ငံရေးပါတီတွေဟာ ယခုအခါ ၂ ပွင့်ဆိုင်မှ ၃ ပွင့်ဆိုင် အနေအထားကို ရောက်ရှိလို့ လာပါပြီ။

    AMDP+MNP ၂ ပါတီ ပေါင်းစည်းရေးကို တစိုက်မတ်မတ် ကြိုးပမ်းရင်းပင် ၎င်း ၂ ပါတီထဲမှ အမာခံပါတီဝင်နဲ့ ခေါင်းဆောင်အချို့နုတ်ထွက်(ဝါ) ထုတ်ပယ်ခံရပြီးတော့ ရာမည အင်အားစုမှာ လာရောက် ပေါင်းစည်းမိတဲ့ အခါ မွန် ၁ ပါတီဖြစ်ရေးအတွက် ပေါင်းစည်းရေး လှုပ်ရှားသူ သံဃာတော်၊ နိုင်ငံရေးသမား၊ စာပေယဉ်ကျေးမှု အဖွဲ့၊ မျိုးချစ် လူငယ်တွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းလို့ မွန်နိုင်ငံရေးညီလာခံ Mon Political Conference ကို ၂ ကြိမ် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။

    နောက်ဆုံး ရလဒ်ကတော့ မွန် ကိုယ်စားပြုပါတီ တည်ထောင်မယ်လို့ ဆုံးဖြတ်ချက် ချခဲ့ကြပြီး ၂၀၁၈ ခုနှစ် မကုန်မီ အကောင်အထည် ဖော်နိုင်ဖို့အတွက် မွန်ကိုယ်စားပြုပါတီ တည်ထောင်ရေး ၂၁ ဦး ကော်မတီ၏ ခေါင်းဆောင် နိုင်တလညီက မေလအကုန်မှာ ပါတီမှတ်ပုံတင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

    နိုင်တလညီက “ပါတီ မှတ်ပုံတင်ဖို့က အဓိကပါ၊ ပါတီ တည်ထောင်ခွင့် ကျလာရင် ပါတီ တည်ထောင်ဖို့အထိ ဆက်လုပ်ရဦး မယ်၊ ဒီလို မှတ်ပုံတင်နေတဲ့ ကြားကာလတွေမှာ တခြား မွန်ပါတီတွေနဲ့ ပေါင်းစည်းရေး ဖြစ် အောင် ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားမယ်” လို့ မွန်သတင်းအေဂျင်စီကို ပြောခဲ့ပါတယ်။

    ဒီလို ဆုံးဖြတ်ချက်တွေကို ကြားသိပြီး ဖြစ်တဲ့ မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက MNP+AMDP နှစ်ပါတီ ပေါင်းပြီးရင် ဘယ် မွန်နိုင်ငံရေး အင်အားစုကိုမှ မိမိတို့ ချန်ထားခဲ့မှာ မဟုတ်သလို ၂ ပါတီ ပေါင်းပြီးမှလည်း နိုင်တလညီတို့ ဦးဆောင်တဲ့ ၂၁ ဦး အင်အားစုနဲ့ ပေါင်းစည်းသွားဖို့ ဆန္ဒရှိတယ်လို့ ဆို ပါတယ်။

    “လက်ရှိ ၂ ပါတီ ပေါင်းစည်းရေးကို မစောင့်တာ သူတို့မှာ ရည်ရွယ်ချက် ရှိပြီးသားပဲ လားတော့ မသိဘူး၊ အခု ပါတီ ဖွဲ့မယ်ဆိုတော့ အခက်အခဲတွေ ပိုများလာမယ်၊ လက်ရှိ အခြေအနေအတိုင်း ခဏ စောင့်ဆိုင်းလိုက်ရင် ပိုပြီး အဆင်ချောလိမ့်မယ်လို့ မြင်တယ်” လို့ နိုင်လယီတမက ပြောပါတယ်။

    ဒါပေမယ့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဟောင်း AMDP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုး ကတော့ ပါတီဖွဲ့ပြီးမှ ပါတီချင်း ဆွေးနွေးတာ ပိုပြီး ထိရောက်မယ်၊ ပါတီချင်း မဟုတ်ဘဲနဲ့ အခု လို ၂၁ ဦး ကော်မတီအနေနဲ့ဆိုရင် အဆင်ပြေ လိမ့်နိုင်မည် မထင်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ ဒီ၂၁ ဦး ကော်မတီထဲမှာ MNP, AMDP ထုတ်ပယ်ထားသူတွေ ပါတီက နုတ်ထွက်ခဲ့သူတွေ ဖြစ်နေတော့ မိမိတို့ ကိုယ်တိုင် AMDP ပါတီနဲ့ဖြစ်ဖြစ် MNP နဲ့ဖြစ်ဖြစ် လာဆွေးနွေးတာက သဘာဝမကျကြောင်း၊ ဒီတော့ ပါတီဖွဲ့ပြီးမှ တန်းတူ လာဆွေးနွေးတာက ပိုပြီး သဘာဝကျမယ်လို့ ဆိုပါတယ်။

    “ကျနော့် အမြင်အရ ပါတီဖွဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိပြီးသားဆိုတော့ ဖွဲ့သင့် ပါတယ်၊ ဒီအထဲမှာ AMDP, MNP ပါတီမှာ မပါဝင်ခဲ့ဘူးတဲ့ မွန်မျိုးချစ်တွေ အများကြီး ကျန်ပါသေးတယ်၊ ကျန်နေသေးတဲ့လူတွေ အားလုံးနီးပါး ပါဝင် လာတဲ့အတွက် ကောင်းတဲ့ အလားအလာလို့ ကျနော်မြင်တယ်” လို့ ဒေါက်တာဗညားအောင်မိုးက ပြောပါ တယ်။

    ၎င်းက မွန် ကိုယ်စားပြု ပါတီတည်ထောင်ရေး ၂၁ ဦး ကော်မတီနဲ့အတူ လက်ရှိဝန်းရံနေသူတွေဟာ ၂၀၁၀ ခုနှစ်ကတည်းက ပါတီဝင်ဖို့ AMDP ဖိတ်ခေါ်စည်းရုံးခဲ့ရာမှာ နိုင်ငံရေးပါတီထဲ မဝင်ရဲ မလှုပ်ရှားရဲခဲ့သလို ရွေးကောက်ပွဲနိုင် AMDP အမတ်တွေကိုလည်း အကျဉ်းထောင်နဲ့ ပါးပါးလေးပဲလို့ ဝေဖန်ခဲ့သူတွေပါပဲ။

    တရားဝင်နိုင်ငံရေးပါတီတွေမပါဝင်ဘဲ နီးစပ်ရာအင်အားစုတွေ စုစည်းပြီး မွန်နိုင်ငံရေး ညီလာခံလုပ်တာမျိုးကို တမျိုးသားလုံးကိုယ်စားပြုတယ်လို့ အသိအမှတ်မပြုတဲ့အတွက် သူတို့ ရွေးချယ်တဲ့ အကြံပေး ၂၇ ဦး ကော်မတီအောက်ကိုလည်း AMDP-MNP ဝင်လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ၂ ပါတီခေါင်းဆောင်တွေက ပြောဆိုနေပါတယ်။

    အထက်ဖော်ပြပါ ၂ ပါတီ ခေါင်းဆောင်တွေရဲ့ သဘောထားကို ခြုံငုံ သုံးသပ်ကြည့်လျှင် MNP သဘောထားက ၂၁ ဦးအဖွဲ့ကို ပါတီ မဖွဲ့စေလိုသော်လည်း AMDP ဘက်က ခေါင်းဆောင် ၁ ဦး အမြင်မှာတော့ ၂၁ ဦးအဖွဲ့ကို ပါတီ အမြန်ဖွဲ့ပြီး ၃ ပါတီ တန်းတူ ဆွေးနွေးပါဆိုသဖြင့် MNP နှင့် AMDP ကြားတွင် ၂၁ ဦးအဖွဲ့နဲ့ ပတ်သက်လို့ ရပ်တည်ချက် မတူညီကြတာကို အကဲခတ်နိုင်ပါတယ်။(မှတ်ချက်- ၎င်းတို့၏ ပုဂ္ဂလိကအမြင်ဟု မှတ်ယူစေလို)

    ထို့ကြောင့် AMDP+MNP နှစ်ပါတီ ပေါင်းပြီးမှ ၂၁ ဦး အဖွဲ့နဲ့ ဆက်ပေါင်းမယ့်ကိစ္စ အဆင်ပြေမယ်လို့ တပ်အပ် ပြောမရသလို ၂၁ ဦးအဖွဲ့ ပါတီအရင်ဖွဲ့ပြီးမှ ၃ ပါတီ တန်းတူ ဆွေးနွေးမယ် ဆိုတာကလည်း ပိုခက်လာမယ့် ကိစ္စ ဖြစ်လာနိုင်ပြီး အချိန်တွေပဲ ကုန်လွန်သွားမှာကို မွန်လူထုက တွေးမြင်မိနေကြပါတယ်။

    မွန် နိုင်ငံရေး စောင့်ကြည့်နေသူ အချို့ကတော့ နှစ်ပါတီ ပေါင်းစည်းရေးကိစ္စမှာ လမ်းပြမြေပုံ Road Map မထုတ် ပြနိုင်ခြင်း၊ ၂ ပါတီလုံး ညီလာခံ မကျင်းပဖြစ်ခြင်း စတာတွေကို ထောင့်ပြပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့ ၂ ပါတီ ပေါင်းစည်းရေး ဆွေးနွေးပွဲတွေဟာ အပေါ်ယံ ဟန်ပြအလုပ်သာ ဖြစ်ပြီးတော့ လက်တွေ့မကျဘူးလို့ ပြော ကြပါတယ်။

    ၂ ပါတီ အနေနဲ့ ဆွေးနွေးပွဲတွေ ဘယ်လိုပဲ လုပ်ကြပါစေ အမည်မဖော်လိုတဲ့ AMDP မှ အဓိက ကြိုးကိုင်နေသူ ခေါင်းဆောင် ၁ ဦးနဲ့ MNP ဘက်မှ အဓိက ကြိုးကိုင်နေသူ ခေါင်းဆောင် ၂ ဦးတို့ ပေါင်းစည်းရေးကို ရှေးရှုတဲ့ မျက်နှာခြင်းဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ မကျင်းပ နိုင်သေးသ၍ ၂ ပါတီ ပေါင်းစည်းရေး ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဇာတ်မျောပဲလို့ မွန်နိုင်ငံရေး စောင့်ကြည့်နေသူတို့က သုံးသပ်ကြပါတယ်။

    မွန် ကိုယ်စားပြုပါတီ တည်ထောင်ရေး ၂၁ ဦး ကော်မတီ ဒုခေါင်းဆောင် ဒေါက်တာအောင်နိုင်ဦး(မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဌ) က “ပါတီ မှတ်ပုံတင်ကျဖို့ ကိစ္စကို လုပ်ရင်းနဲ့ တဖက်မှာလည်း ၂ ပါတီက လက်ခံ ဆွေး နွေးဖို့ သဘောတူ လာခဲ့ မယ်ဆိုရင် ၂၁ ဦး အဖွဲ့အပြင် ၂၇ ဦး အကြံပေးအဖွဲ့နဲ့ စုစည်းပြီးတော့ အကျေအလည် ဆွေးနွေး ပြောဆိုဖို့ ရှိ သေးတယ်၊ ဘယ်နှစ်-လအတွင်း မဖြစ်မနေ အကောင်အထည် ဖော်ရမယ်လို့လည်း မသတ်မှတ်ထားပါဘူး၊ ဒီကြားထဲမှာ မှတ်ပုံတင်ဖို့ ကြိုးစားရင်းနဲ့ တဖက်မှာလည်း ၂ ပါတီနဲ့ တစ်ခုတည်း ဖြစ်စေ ရေးအတွက် ဆက်လက် ညှိနှိုင်းသွားကြဖို့ ကြိုးစားသွား ရမှာပေါ့” လို့ ဆိုပါတယ်။

    ညီစားစခန်းမှာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က NMSP,AMDP,MNP သုံးပါတီ တွေ့ဆုံခဲ့စဉ် မွန်ပြည်သစ်ပါတီ (NMSP)ဥက္ကဌ နိုင်ထောမွန်က ယခုနှစ်ကုန်လို့ ၂ ပါတီ မပေါင်းစည်းနိုင်ရင် မွန်ပြည်သစ်ပါတီ သဘောထား ပြောင်းလဲရမှာဖြစ်ပြီး ချန်ထားသင့်က ချန်လိုက်ရမှာဖြစ်သလို ဒီကြားကာလထဲမှာ ပါတီသစ် တစ်ခု ထပ်မံ ဖြစ်ပေါ်လာမှာကိုလည်း လက်မခံဘူးလို့ ပြောခဲ့ပါတယ်။

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာကတော့ ဒီဆွေးနွေးပွဲမှာပဲ AMDP+MNP ပေါင်းစည်းတဲ့ အခါမှာ ရာမညအင်အားစု(ဝါ) ၂၁ ဦးအဖွဲ့(ဝါ) ပါတီ ပြင်ပ ကျန်နေသူ အားလုံးနဲ့ တပါတည်း ပေါင်းစည်းရေး လုပ်လိုက်ရင်လည်း ၁ ကြိမ်တည်း အလုပ် ပြီးမြောက် သွားမယ်လို့ သူ့ရဲ့ သဘောထားကို ဆိုပါတယ်။

    ၎င်းက“မွန် ၁ ပါတီဖြစ်မှလည်း စည်းလုံး ညီညွတ်မှု ရှိကြမယ်၊ စည်းလုံး ညီညွတ်မှလည်း မိမိကြမ္မာကို မိမိတို့ အမြန် ဖန်တီး နိုင်ကြလိမ့်မယ်၊ ဒါကြောင့် ပြန့်ကြဲနေတဲ့ မိမိတို့ အင်အားစုတွေ ပြန်လည် စုစည်းနိုင်ဖို့အတွက် အတိတ်က ပုဂ္ဂိုလ်ရေးတွေ ၁ ဖွဲ့နဲ့ ၁ ဖွဲ့ ပဋိပက္ခတွေကို မေ့ပျောက် ပစ်လိုက်ပြီးတော့ ပြန်လည် ပေါင်းစည်းရေး တံခါး တွေကို ပိတ်မထားပါနဲ့လို့ တိုက်တွန်းချင်ပါတယ်” လို့ ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ ဖွင့်ပွဲမှာ ပြော ခဲ့သေး ပါတယ်။

    ထို့ကြောင့် အင်အား ကြီး-ငယ်တာ၊ လူကြီး-လူငယ် ဖြစ်တာ၊ အတွေ့အကြုံ ရင့်-နုတာ၊ လေ့လာမှုပညာ ဓန ငွေကြေး အင်အား နည်း-များတာ၊ အသိုင်းအဝိုင်း နယ်ပယ် ကျဉ်းမြောင်း-ကျယ်ပြန့်တာတွေကို ဘေးဖယ် ထားလိုက်ပြီး သဘောထားကြီးစွာ အပြန်အလှန် လေးစားမှု အသိအမှတ် ပြုမှုနဲ့အတူ တစ်မျိုးသားလုံး ချစ် ကြည် စည်းလုံးညီညွတ်ရေးကို အဓိကထားကြဖို့၊ ၁ ပါတီ ဖြစ်မြောက်လာရေးအတွက် ပါဝင်သင့်သူ အားလုံး ပါဝင်နိုင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး တံခါးဖွင့်ထားကြပြီး လက်တွေ့ကျကျ အမြန် အကောင်အထည် ဖော်ကြပါလို့ တိုက်တွန်းပါရစေ။

    three open doors in green room

    အလားတူ မွန်လူထုက မွန်လူမျိုးများ အရေးကို ဦးဆောင် ဦးရွက်ပြု၍ အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်မည့် မွန်ပါတီတခုကို လိုအပ်နေခြင်းကြောင့် အတ္တနဲ့မာနတရားများ ပြိုင်ဆိုင်နေသူများကို လိုအပ်မည် မဟုတ်ကြောင်း သတိပြုနိုင်ပါစေ။
    ညွှန်း
    -ဆက်သွယ်မေးမြန်းချက်များ
    -သတင်းမှတ်တမ်း

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts