spot_img
Saturday, May 4, 2024
More
    spot_img
    Homeမေးမြန်းချက်နိုင်ဟံသာနှင့် တွေ့ဆုံမေးမြန်းခြင်း

    နိုင်ဟံသာနှင့် တွေ့ဆုံမေးမြန်းခြင်း

    -

    “တိုင်းရင်းသားတွေ လက်နက်ကိုဒီအတိုင်း စွန့်လွှတ်လိုက်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဘာလုပ်လို့ရမှာလဲ၊ အခု ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရ ဘာတွေလုပ်လို့ရသလဲ”
    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ၊ UNFC ဥက္ကဌ၊ UPDJC အဖွဲ့ဝင် “နိုင်ဟံသာ” နှင့် မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် တွေ့ဆုံမေးမြန်းသည်။

    မေး-လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အနေအထား၊ UNFC အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးလိုက်ဖြစ်တဲ့အခြေအနေအထိ ဦးစွာရှင်းပြပေးပါလား။
    ဖြေ-ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၂၀ ကျော်ရှိပါတယ်၊ အဲဒီအထဲမှာ အစိုးရနဲ့ အပစ်ရပ် NCA လက်မှတ်ထိုးတာ ၁၀ ဖွဲ့ရှိပြီး အပြင်မှာထက်ဝက်ကျော် ကျန်နေသေးတယ်။ တိုင်းရင်းသားတွေဟာ သူတို့ရသင့်ရထိုက်တဲ့အခွင့်အရေး တနည်းအားဖြင့် မွေးရာပါအခွင့်အရေး လုံးဝမရရှိတဲ့အပေါ် ဒီမိုကရေစီနည်းအရ တောင်းဆိုလို့မရတဲ့အနေအထားမှာ နောက်ဆုံးမလွှဲရှောင်သာဘဲ လက်နက်ကိုင်ခဲ့ရတာပါ။

    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ၊ UNFC ဥက္ကဌ “နိုင်ဟံသာ”(NMSP)

    ကျနော်တို့်နိုင်ငံမြောက်ပိုင်းအဖွဲ့တွေမှာ အင်အားကြီးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေတယ်၊ လက်နက်တွေ အားကောင်းတယ်၊ ရေမြေအနေအထားအရ တောတောင်တွေ တော်တော်ထူထပ်တယ်၊ အစိုးရက သူတို့ကိုချေမှုန်းဖို့ဆိုတာ မလွယ်ပါဘူး၊ အဲဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူတို့ကိုချန်ထားမယ်ဆိုရင် ကျနော်တို့နိုင်ငံ ဘယ်လိုမှ မအေးချမ်းနိုင်ဘူး။

    UNFC အနေနဲ့ အစကတည်းကိုက ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် ဖိတ်ခေါ်ကတည်းက ကျနော်တို့ကတော့ နိုင်ငံရေးပြဿနာကို စားပွဲခုံပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြေရှင်းဖို့ သဘောထားရှိပြီးသား၊ ကျနော်တို့ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဖွဲ့တွေဖွဲ့စည်းထားခဲ့တယ်၊ ဒါပေမယ့် အဲဒီနှစ်မှာ ကျနော်တို့ မဆွေးနွေးဖြစ်ခဲ့ပါဘူး၊ ၂၀၁၂ ခုနှစ်ကုန်ခါနီးမှာ ကျနော်တို့ အလွတ်သဘောစတွေ့တယ်၊ နောက် ၂၀၁၃ ခုနှစ်မှ UNFC အနေနဲ့ ဆွေးနွေးဖြစ်တယ်၊ UNFC စဖွဲ့တုန်းကဆိုရင် ၁၂ ဖွဲ့ရှိတယ်၊ နောက်ပိုင်းမှာ ကချင် ၂ ဖွဲ့ ပေါင်းလိုက်တော့ ၁၁ ဖွဲ့ ဖြစ်သွားတယ်၊ နောက်မှာ အဖွဲ့တချို့ UNFC က နုတ်ထွက်သွားတယ်၊ ဒါက အစိုးရရော တပ်မတော်ဘက်ကပါ နည်းနာပေါင်းစုံနဲ့ ဖြိုခွဲတဲ့အပေါ်မှာ ဒီလိုဖြစ်သွားတာပါ။ လက်ရှိ UNFC မှာ အခု ၅ ဖွဲ့ကျန်တယ်။

    အဲဒီ UNFC ၅ ဖွဲ့ရဲ့ အခြေခံရပ်တည်ချက်ကတော့ နိုင်ငံရေးပြဿနာကို စားပွဲခုံပေါ်မှာ အေးအေးချမ်းချမ်းနဲ့ တွေ့ဆုံ ဆွေးနွေးဖြေရှင်းတဲ့နည်းနဲ့မှပဲ ကျနော်တို့နိုင်ငံ ဒီပြဿနာဖြေရှင်းလို့ရမယ်လို့ ယုံကြည်ပြီးတော့ NCA ဖြစ်ပေါ်လာဖို့ UNFC က အဓိကအင်အားစုအနေနဲ့ အခြားအဖွဲ့တွေကိုဖိတ်ခေါ်ပြီးတော့ ဆွေးနွေးလာခဲ့တာ ဖြစ်တယ်။

    လက်ရှိ ၅ ဖွဲ့ထဲမှာ မွန် NMSP နဲ့ လားဟူ LDU တို့ NCA လက်မှတ်ထိုးလိုက်တယ်၊ ကျန် ၃ ဖွဲ့(KNPP,SSPP,ANC) မထိုးရသေးဘူး၊ UNFC ထဲမှာ လက်မှတ်ထိုးအဖွဲ့နဲ့ မထိုးသေးတဲ့အဖွဲ့ရှိတယ်၊ ဒါပေမယ့့် ပြဿနာမရှိဘူး၊ ဘာကြောင့်လဲ? ကျနော်တို့ ဦးတည်ချက်က နိုင်ငံရေးပြဿနာကို စားပွဲခုံပေါ်မှာ ဖြေရှင်းတဲ့နည်း၊ အခြေအနေနဲ့ အစိုးရကိုင်တွယ်ပုံတစ်ထပ်တည်းမကျသေးတဲ့အခါ တချိန်တည်းမှာ အားလုံးလက်မှတ်မထိုးနိုင်တဲ့ အခြေအနေဖြစ်သွားတယ်၊ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေက ဆက်လက်ညှိနှိုင်းပြီး ပြေလည်တဲ့အခါ လက်မှတ်ထိုးကြမယ်။

    မွန်ပြည်သစ်ပါတီရဲ့ အခြေခံရပ်တည်ချက်က UNFC အခြေခံသဘောထားနဲ့ မကွာဘူး၊ ကျနော်တို့နိုင်ငံရဲ့ ပြဿနာကို စစ်ရေးနည်းနဲ့ဖြေရှင်းလာတာ အနှစ် ရ၀ ရှိခဲ့ပြီ၊ အစိုးရဘက်က ဖြတ်လေးဖြတ် နည်းဗျူဟာပေါင်းစုံသုံးပြီး တိုက်လာပေမယ့် ဘယ်အဖွဲ့အစည်းကမှ ကုန်သွားတယ်ဆိုတာ မရှိခဲ့ဘူး။ ၁၉၅၈ ခုနှစ်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးဖိတ်ခေါ်လို့ မွန်၊ ရခိုင်၊ ပအိုဝ်းတို့အသွင်ပြောင်းပြီး လက်နက်အပ်ခဲ့တယ်၊ ဒါပေမယ့် သူတို့လူမျိုးအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေမရတော့ လက်နက်ပြန်ကိုင်ကြတာပဲ၊ ပြီးတော့ ၁၉၉၀ ဝန်းကျင် အပစ်ရပ်တဲ့အဖွဲ့တွေထဲမှာ ပလောင်အဖွဲ့(PSLF/TNLA) ကို လက်နက်သိမ်းခဲ့တယ်၊ ဒါပေမယ့် သူတို့တိုင်းရင်းသား အခွင့်အရေးတွေမရတော့ အခုပလောင်အဖွဲ့ TNLA ပြန်ပေါ်လာတယ်။

    ကျနော်ဆိုလိုချင်တာက တိုင်းရင်းသားတွေအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးမရရှိဘူး ဆိုရင် ဘယ်နည်းနဲ့မဆို သူတို့ကြိုးပမ်းသွားမှာပါပဲ၊ အစိုးရကလည်း တဖက်တိုင်းရင်းသားတွေအတွက် တန်းတူညီမျှတဲ့အခွင့်အရေး ဖော်ထုတ်ပေးခဲ့တာ မရှိခဲ့ဘူး၊ ဥပမာ တစ်နိုင်ငံလုံးမှာ ဗမာစာပဲ သင်ကြားခွင့်ရှိတယ်၊ တိုင်းရင်းသားစာပေသင်ကြားခွင့် မရှိဘူး၊ တိုင်းရင်းသားဘာသာစကားကိုလည်း ရုံးသုံးခွင့်မပြုဘူး၊ ဒီအတိုင်းသာဆိုရင် တိုင်းရင်းသားတွေရဲ့ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးဓမ်းတွေ သမိုင်းဝင်ပစ္စည်းတွေကို နည်းပေါင်းစုံနဲ့အဖျက်ဆီးခံနေရတဲ့အနေထားမျိုးမှာ တိုင်းရင်းသားတွေဘက်ကလည်း မခံချင်ဘူး။

    ကျနော်တို့ မွန်ပြည်သစ်အနေနဲ့ အစကတည်းက ဒီပြဿနာတွေကို စစ်ရေးနဲ့ဖြေရှင်းလို့မပြီးဘူး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားဖို့လိုတယ်လို့ မြင်တယ်၊ UNFC လည်း ဒီလိုပဲရပ်တည်လာတယ်။ NCA ကို ကျနော်တို့ကပဲ ကနဦးအစပိုင်းမှာ ညှိနှိုင်းခဲ့တာဖြစ်တယ်၊ NCA သဘောတူညီမှုရလာတဲ့အချိန်မှာ ကျနော်တို့ NCCT ၁၆ ဖွဲ့လုံးကို လက်ခံရင် အားလုံးလက်မှတ်ထိုးမှာပဲ၊ အဲဒီတုန်းက အဖွဲ့တချို့ချန်လိုက်တာ မရိုးသားဘူးလို့မြင်လိုက်ရတဲ့အပေါ်မှာ ပြန်လာတာ၊ အခုအနေအထားမျိုးမှာ စစ်ရေးနည်းအရ ဖြေရှင်းနေရင်ပြီးမှာမဟုတ်ဘူး၊ ဒါကြောင့် နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့၊ ဒါပေမယ့် တဖက် စစ်တပ်က လက်နက်အားကိုးပြီးတော့မှ တိုင်းရင်းသားအခွင့်အရေးကို ပိတ်ပင်နေတဲ့အနေအထားမျိုးမှာ ကျနော်တို့ကတော့ လက်နက်စွန့်လို့မရဘူး၊ ကျနော်တို့တပ်ကိုလည်း အသိမ်းခံလို့မရဘူး ဒါကတော့ တိုင်းရင်းသားအဖွဲ့တိုင်းမှာ ရပ်တည်ချက် ရှိကြတယ်။

    မေး-မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးပြီးကာမှ မထင်မှတ်တဲ့တစ်ဆို့မှုတွေဖြစ်လာတယ်လို့ သိရတယ်၊ အဲဒါက ဘာတွေလဲ?
    ဖြေ-NCA လက်မှတ်မထိုးခင် ညှိနှိုင်းတိုင်ပင်မှုတွေမှာ လက်မှတ်ထိုးပြီးရင် ပြည်သူလူထုနဲ့ လွတ်လွတ်လပ်လပ် တွေ့နိုင်မယ်၊ နိုင်ငံရေးပြဿနာကို ညှိနှိုင်းဖို့ ပြည်သူလူထုနဲ့ကောင်းကောင်း တိုင်ပင်လို့ရမယ်၊ အစိုးရဘက်က အဲဒီလိုပဲ ပြောဆိုခဲ့တယ်၊ အဲ- ကျနော်တို့လက်မှတ်ထိုးပြီးတော့ ကျနော်ပါဝင်တဲ့ UPDJC မှာ ဆွေးနွေးတာပေါ့၊ ကျနော်တို့ တိုင်းရင်းသားတွေမှာ NCA ရေးထိုးပြီးရင် လူထုကိုရှင်းပြဖို့ရှိတယ်ပေါ့၊ ကျနော်တို့တော်လှန်ရေး လုပ်တာ လူထုကိုယ်စားပြုတာပဲ၊ ကျနော်တို့ပင်လျင် တော်လှန်ရေးထဲမရောက်ခင်မှာ သာမန်လူထု တစ်ယောက်ပါ၊ ကျနော်တို့တော်လှန်ရေးကို ထောက်ခံတဲ့လူထုကအများကြီး၊ တကယ်လို့ NCA လက်မှတ်ရေးထိုးရတဲ့ကိစ္စကို လူထုတွေသဘောမပေါက်ရင် နောက်ထပ်တော်လှန်ရေးလုပ်မယ့် အဖွဲ့သစ်တွေ ဖြစ်လာနိုင်တယ်၊ အဲလိုအနေအထားမျိုးရှိ
    တော့ ကျနော်တို့ရဲ့လှုပ်ရှားမှုတွေကို ပြည်သူလူထုထံ အသိပေးပြောကြားရမယ်လို့ ကျနော်တို့ မွန်ပြည်သစ်လျာထားတယ်။

    UPDJC အစည်းအဝေးမှာလည်း ကျနော်တို့တပ်တည်နေရာတွေမှာ လွတ်လွတ်လပ်လပ်တွေ့လို့ရမယ်လို့ အစိုးရဘက်က ပြောပြီးသား၊ အဲဒီအပြင် UPDJC အစည်းအဝေးမှာ ကျနော်ထပ်မံတောင်းဆိုထားသေးတယ်၊ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တွေမှှာ လူထုရှင်းလင်းပွဲတွေလုပ်ဖို့ ထပ်မံတောင်းဆိုတယ်၊ ဒါကို အစိုးရ၊ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ ခွင့်မပြုဘူး၊ ဒါပေမယ့် မိမိတပ်တည်ဂွင်ဧရိယာထဲမှာ ကြိုက်သလောက်လုပ်ခွင့်ရှိတယ်လို့ ပြောထားတော့ ရသလောက်ကျနော်တို့ ကြိုးပမ်းသွားမယ်၊ ဒါနဲ့ပဲ မိမိတပ်တည်ဂွင်ထဲ လူထုရှင်းလင်းပွဲတွေလုပ်ဖို့ပြင်ဆင်တဲ့အခါကျတော့ တပ်ဘက်က ဘာပြောလာသလဲဆိုတော့ “တစ်နေရာလုပ်ရင် လူဦးရေ ၂၀-၃၀ ထက်မပိုရဘူးတဲ့” လူ ၂၀-၃၀ လောက်ပဲဆိုတော့ ကျဉ်းကျဉ်းလေး ကြက်ပွဲလောက်ပဲ ရှိမှာပေါ့၊ လူထုတွေက အများကြီး၊ အဲဒီလောက်နဲ့ ဘယ်လုံလောက်မှာလဲ၊ ဒါတွေကို UPDJC အစည်းဝေးမှာ လုံးဝမပြောခဲ့ပါဘူး၊ တကယ်လုပ်တဲ့အခါကျတော့ အဲဒီလိုလူဦးရေကန့်သတ်လာတဲ့အပေါ် ကျနော်တို့လည်း မကျေလည်ဘူးပေါ့ဗျာ။

    ဒီလိုဟာတွေက ကျနော်တို့မွန်မှာချည်းပဲမဟုတ်ဘူးနော်၊ ရှမ်းပြည်နယ်ဘက် RCSS မှာလည်း ဒီလိုပါပဲ၊ အစိုးရခွင့်ပြုပြီးသားနေရာကို တပ်ဘက်က ကန့်သတ်တယ်၊ တချို့နေရာကို တားမြစ်ပိတ်ပင်တယ်၊ ဒါတွေကို မရိုးသားဘူးလို့မြင်တယ်၊ အဓိက ဒီကိစ္စဖြစ်ရတာ ဗမာ့တပ်မတော်ဘက်က ဖြစ်တယ်။

    မေး-နောက်တစ်ချက် JMC-S ကိစ္စတွေမှာလည်း အဆင်မပြေလို့ သိရတယ်၊ ဘာကြောင့်လဲ?
    ဖြေ- ပြည်ထောင်စုအဆင့် JMC-U တစ်နေရာတော့ ရထားပြီးပြီ၊ ဒါပေမယ့် JMC-S ပြည်နယ်/တိုင်း အဆင့်တွေမှာ မဖွဲ့နိုင်သေးဘူး၊ မွန်၊ ကရင်၊ တနင်္သာရီ ၃ နေရာမှာ JMC-S အဖွဲ့မှာပါဝင်ဖို့ ကျနော်တို့တောင်းဆိုတယ်၊ မွန်ပြည်နယ် JMC-S တစ်နေရာပဲပေးမယ်ဆိုပြီး ပြောတယ်၊ ကျနော်တို့တပ်ဖွဲ့လှုပ်ရှားနေတာ ကရင်ပြည်နယ်မှာ အများကြီးရှိနေတယ်၊ တနင်္သာရီတိုင်းမှာလည်းရှိတယ်၊ ဒါကြောင့် ဘယ်နေရာမှ မဖွဲ့ဖြစ်သေးဘူး၊ NCA ရှေ့ပိုင်းလက်မှတ်ထိုးတဲ့ ကရင်အဖွဲ့ကျတော့ ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး ၃-၄ နေရာ JMC-S ဖွဲ့ထားတယ်။

    ကျနော်မြင်တာက တပ်မတော်ဘက်က အဓိက ကန့်ကွက်နေတာပါ၊ မဖြောင့်မတ်ဘူးလို့ မြင်တယ်၊ အစပိုင်းမှာ ပါဝင်တဲ့အင်အားစုတွေကို အခွင့်အရေးအများကြီးပေးတယ်၊ နောက်ပိုင်းအင်အားစုတွေကို အခွင့်အရေးလျော့ချလိုက်တယ်၊ နဝတခေတ် ၁၉၉၀ ဝန်းကျင်လောက်မှာ အပစ်ရပ်စဲရေးလုပ်တယ်၊ အစပိုင်းအပစ်ရပ်တဲ့ “ဝ” ကိုးကန့်တို့ဆိုရင် အခွင့်အရေးအများကြီးပေးခဲဲ့တယ်၊ ဒုတိယပိုင်းအပစ်ရပ်တဲ့အင်အားစုတွေကိုတော့ အခွင့်အရေးလျော့ချလိုက်တယ်၊ နောက်ပိုင်း ၁၉၉၆ ခုနှစ်မှာ အပစ်ရပ်ချင်တဲ့အဖွဲ့တွေ လက်နက်ချရမယ်၊ ဒါက ဖြောင့်မတ်ခိုင်မာတဲ့မူမရှိဘူး၊ ဒါမှမဟုတ်ရင် မရိုးသားတဲ့နည်းပရိယာယ်သုံးပြီးတော့ တိုင်းရင်းသားအင်အားစုတွေကို ဖဲ့ထုတ်ခွဲထုတ်ပြီး ချေမှုန်းတဲ့နည်း အဲဒီလိုကျနော်တို့မြင်တယ်၊ အဲဒီလို မရိုးမသားတဲ့နည်းနဲ့လုပ်နေရင် ကျနော်တို့ငြိမ်းချမ်းရေးရဖို့ဆိုတာ ရှည်ကြာနေဦးမယ်။

    မေး-လက်ရှိ UPDJC ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးမှုမူဘောင်နဲ့ပတ်သက်ပြီး ဆရာ့အမြင်လေး သိပါရစေ?
    ဖြေ-ဒေါ်အောင်ဆန်းစုကြည် ပြောပုံအရဆိုရင် လက်ရှိနိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို ပြုလွယ်ပြင်လွယ်တဲ့ပုံစံနဲ့ ရေးထားတယ်လို့ ဆိုတယ်၊ အခုလည်း ဒီအတိုင်းပဲ ဆက်သွားနေတယ်၊ ကျနော်မြင်တာက ပြဿနာကိုဖြေရှင်းတဲ့နေရာမှာ နိုင်ငံရေးဆွေးနွေးမှုမူဘောင် Political Frame Work က အဓိကအကျဆုံးပဲ၊ ဟိုအရင် NCCT တုန်းက ကျနော်တို့ဆွေးနွေးလာတာ ၃ ပွင့်ဆိုင်၊ အခုဟာက ၃ ပွင့်ဆိုင်မဟုတ်ဘူး ၅ ပွင့်ဆိုင်သဘော ဖြစ်နေတယ်။

    နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တုန်းလည်း ကျနော်ပြောခဲ့ဖူးတယ်၊ Frame Work ကို ညှိနှိုင်းတဲ့အခါ အဖွဲ့အားလုံးပါဝင်ဖို့လိုတယ်၊ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်ပြီးတော့မှ ညှိဖို့လိုတယ်၊ သူတို့ကိုယ်တိုင် အဲဒီမူဘောင် သဘောကျလက်ခံဖို့ အရေးကြီးတယ်၊ NCA မထိုးတဲ့အဖွဲ့တွေလည်း ပါဝင်လာဖို့ ခေါ်ဖို့အကြံပြုခဲ့တယ်၊ ဒါနဲ့ ၈ ဖွဲ့နဲ့ပဲ သဘောတူချက်ယူ ဆုံးဖြတ်ချက်ချပြီး လုပ်သွားတာကို ကျန်အဖွဲ့တွေက သဘောမတူ၊ လက်မခံရင် မလာဘူးပေါ့ဗျာ၊ အဲဒီအတိုင်းဆိုရင် ရှေ့ဆက်သွားလို့မရဘူး၊ ကျနော်တို့နိုင်ငံရဲ့ငြိမ်းချမ်းရေး ဆက်လက်အကောင်အထည်ဖော်လို့မရဘူးလို့ မြင်တယ်။
    ကျနော့်အမြင်က ကျနော်တို့နိုင်ငံ ငြိမ်းချမ်းစေချင်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာဖို့က အရေးကြီးတယ်၊ တောင်အဖရိက ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တာကိုကြည့်ရင် အဖွဲ့ကြီးတယ် ငယ်တယ်ဆိုပြီး မရွေးပါဘူး၊ အဖွဲ့အစည်းအားလုံးပါဝင်လာနိုင်အောင် အဓိကထား စုစည်းပြီးတော့ ညှိနှိုင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။

    မေး-ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ UPC ခရီးမတွင်ဖြစ်နေတဲ့ကိစ္စကိုရော?
    ဖြေ- Frame Work ထဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ UPC- ၂၁ ရာစုပင်လုံအစည်းအဝေး တစ်နှစ် ၂ ကြိမ်လုပ်ဖို့ ချမှတ်ထားတယ်၊ ၆ လတစ်ကြိမ်ပေါ့၊ ကျနော်ကတော့ အဲဒီလိုအချိန်ကန့်သတ်ပြီး လုပ်တာကို လက်မခံချင်ဘူး၊ မဖြစ်ဖြစ်အောင် တွန်းလုပ်နေတဲ့ပုံစံဖြစ်နေတယ်၊ UPC ကျင်းပတဲ့နေရာမှာ အားလုံးကျေကျေလည်လည် ဖြစ်ဖို့လိုတယ်၊ ပြီးခဲ့တဲ့ပင်လုံမှာ NCA လက်မှတ်ထိုးပြီးတဲ့ EAO အချို့က သူတို့လူမျိုးနဲ့ ညှိနှိုင်းတိုင်ပင်ဖို့ အချိန်မရလိုက်ဘူး၊ မကျေလည်ဘူး၊ အခုလည်း အဲလိုပါပဲ ရခိုင်နဲ့ ရှမ်းတွေ သူတို့လူထုနဲ့ တွေ့ဆုံခွင့် မရခဲ့ဘူး၊ အစပိုင်းမှာကျတော့ ကရင်အဖွဲ့က လွတ်လွတ်လပ်လပ်နဲ့ လူထုနဲ့တွေ့ဆုံခွင့်ရခဲ့ပြီး နောက်ပိုင်းကျတော့ တွေ့ဆုံခွင့်မရကြဘူး၊ လူထုနဲ့တွေ့ဆုံညှိနှိုင်းခွင့်မရဘူးဆိုရင် ဘယ်လိုအဆုံးအဖြတ်ပေးမှာလဲ၊ နိုင်ငံရေးအရ တစ်ခုခုကိုအဆုံးအဖြတ်ပေးနိုင်ဖို့ဆိုရင် သူတို့ဟာ သူတို့လူထုကို ကိုယ်စားပြုနေတဲ့ အင်အားစုဖြစ်နေတော့ တိုင်ပင်ညှိနှိုင်းခွင့် ပေးသင့်တယ်၊ ဒီလိုမျိုးမဟုတ်ဘဲနဲ့ အချိန်ကျလာတော့ UPC ၂၁ ပင်လုံကို လုပ်လိုက်ဆိုပြီး လိုက်လုပ်ကြတယ်၊ ဆုံးဖြတ်ချက်တွေ ချလိုက်တယ်၊ ကျနော်ကြားမိသလောက် ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ မကျေလည်ခဲ့ဘူး၊ နိုင်ငံရေးပါတီတွေရော EAO တိုင်းရင်းသားအဖွဲ့တွေကပါ ကျေနပ်မှုမရှိခဲ့ဘူး၊ မိမိတို့လိုသလို ဆုံးဖြတ်ချက်တွေကို အတင်းတွန်းချလိုက်တဲ့ပုံစံမျိုး၊ အဲဒီလိုမျိုးတွေ မဖြစ်သင့်ဘူးလို့မြင်တယ်၊ နောက်လာတဲ့အဖွဲ့တွေလည်း အဲဒီဆုံးဖြတ်ချက်ကို သဘောမတူနိုင်ဘူးဆိုရင် ဘယ်နှယ့်လည်း ပြင်လို့ရမလား၊ ပြင်ဖို့ဆိုရင်ကော ခက်ပြန်ရော၊ မပြင်နိုင်လို့ လက်မခံနိုင်ဘူးဆိုတော့ ဒီပြဿနာကရှည်နေဦးမှာပဲ။

    မေး- UNFC ဥက္ကဌအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့ ဘယ်လိုမျိုးတိုက်တွန်းချင်သလဲ?
    ဖြေ- ကျနော်တို့ UNFC နဲ့ အစိုးရသဘောတူညီချက် ၈ ချက်ထဲမှာ သက်ဆိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်နိုင်ရေး ဆက်လက်ကြိုးပမ်းမယ် ဆိုတဲ့အချက်ပါဝင်တယ်၊ အဲဒါကို ကျနော်တို့ ဆက်ကြိုးပမ်းမယ်၊ အဲဒီအထဲမှာ တပ်မတော်ဘက်က ခဏခဏပြောနေတဲ့ ရခိုင် AA, ပလောင် TNLA, ကိုးကန့် MNDAA ဒီ ၃ ဖွဲ့ကို လုံးဝလက်မခံတဲ့ အနေအထားမှာရှိနေတယ်၊ ဒါကမဖြစ်သင့်ဘူးလို့ ကျနော်မြင်တယ်၊ အဲဒီလိုသာ ကန့်သတ်နေရင် ကျနော်တို့နိုင်ငံ မအေးချမ်းနိုင်ပါဘူး။ ရိုးသားဖြောင့်မတ်တဲ့ တကယ့်စေတနာနဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်မယ်ဆိုရင် မခဲယဉ်းဘူးလို့ကျနော်ပြောချင်တယ်၊ အားလုံးပါဝင်ရေးကို ဖိတ်ခေါ်လိုက်ပါ၊ Frame Work ကိုလည်း အားလုံးပါဝင်ပြီးညှိ၊ အဲဒီညှိပြီးတဲ့ Frame Work အတိုင်း တဆင့်ပြီးတဆင့်ကျေလည်အောင်လုပ်၊ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စေတနာကိုလည်း ကျနော်တို့နားလည်ပါတယ်၊ ကျနော်တို့နဲ့ နှစ်ပေါင်းများစွာအတူလက်တွဲခဲ့ကြသူတွေပါ၊ သူတို့ကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့့ဖြေရှင်းချင်ပါတယ်၊ ဒါပေမယ့် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ ၂၀၀၈ အခြေခံဥပဒေဟာ ဖက်ဒရယ်စနစ်ပဲ ပြင်စရာမလိုဘူး အဲဒီလိုရပ်တည်နေတော့ ခက်တယ်။

    တိုင်းရင်းသားတွေဘက်မှာ ခံစားချက်ရှိတယ်၊ သူတို့ကိုတလျောက်လုံး စစ်အင်အားနဲ့ဖိနှိပ်လာတော့ သူတို့အနေနဲ့ လောလောဆယ်မှာ လက်နက်ကိုဘယ်လိုမှ မစွန့်လွှတ်နိုင်ကြဘူး၊ ယုံကြည်မှုမရှိသေးဘူး၊ အဲဒီလိုယုံကြည်မှုမရှိတဲ့အနေအထားမှာ ဒီမိုကရေစီစနစ်ကလည်း အသားမသေသေးဘူး၊ ဒီမိုကရေစီစနစ် မခိုင်မာသေးတဲ့အနေအထားမှာ သူတို့အပေါ် နားလည်မှုပေးရမယ်။

    “ဒီမိုကရေစီခေတ်မှာ လက်နက်အားကိုးပြီး မဖြစ်နိုင်တာကို တောင်းဆိုနေမယ့်အစား ဆိုပြီး တပ်မတော်ခေါင်းဆောင်က ပြောခဲ့ဘူးတယ်၊ တကယ်ဆိုရင် တိုင်းရင်းသားတွေဘက်က ဘဝခံစားချက်ကို သူတို့မှ မခံစားခဲ့ရဖူးဆိုတော့ သူတို့ပြောဆိုနိုင်တာပေါ့၊ တိုင်းရင်းသားတွေ လက်နက်ကိုဒီအတိုင်း စွန့်လွှတ်လိုက်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဘာလုပ်လို့ရမှာလဲ၊ အခု ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရ ဘာတွေလုပ်လို့ရသလဲ။ ကျနော်တို့တတွေ ဒီအတိုင်းပဲ ဆက်လက်ရပ်တည်နေမယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ ဆက်ပြီးနိမ့်ကျနေဦးမှာပါပဲ၊ ဖိနှိပ်မှုတွေများလာရင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အမုန်းပွားမှုတွေများလာပြီး ထိန်းလို့သိမ်းလို့ မလွယ်ဘူး၊ ငြိမ်းချမ်းရေး ညီညွတ်ရေးကို တည်ဆောက်ဖို့ ပိုခဲယဉ်းသွားလိမ့်မယ်။

    ဒါကြောင့် ဒီကနေ့အနေထားမှာ ရိုးရိုးဖြောင့်ဖြောင့်နဲ့ အတိတ်ကဟာတွေကို ခွင့်လွှတ်ကြ၊ ယုံကြည်မှုရှိရှိနဲ့ တိုင်းပြည်ကိုတည်ဆောက်ရင် ကျနော်တို့နိုင်ငံ ငြိမ်းချမ်းပြီးဖွံဖြိုးတိုးတက်လာမှာ မလွဲဘူးလို့ပြောချင်တယ်။


    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts