spot_img
Saturday, May 4, 2024
More
    spot_img
    Homeသတင်းလူထုတွေ့ဆုံရှင်းလင်းပွဲ ဘာကြောင့်လိုအပ်သလဲ

    လူထုတွေ့ဆုံရှင်းလင်းပွဲ ဘာကြောင့်လိုအပ်သလဲ

    -

    ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို ရက်အတိအကျ မသတ်မှတ် နိုင်သေးသည်က မြန်မာ့ ငြိမ်းချမ်းရေး ခရီးစဉ်၏ ရှေ့ခရီးဆက်၍ မရနိုင်သည့် မကျေလည်မှု (သို့မဟုတ်) သဘောထား ကွဲလွဲမှုများဟု ဆိုရပါမည်။

    ၂၀၁၇ နှစ်ကုန်ပိုင်းအထိ မကျင်းပဖြစ်ခဲ့သည့် ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို ယခုလကုန်ပိုင်းတွင် ကျင်းပ နိုင်ရေးအတွက် အစိုးရနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ မကြာမီ မေလ ဒုတိယပတ်အတွင်း ထပ်မံ(ပထမတခေါက် တွေ့ဆုံထား) တွေ့ဆုံမည်ဟု ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောလိုက်သည့်သတင်း နားထောင်လိုက်ရသည်။

    ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က “UPDJC နဲ့ ညီလာခံ နှစ်ပတ်ခြား ရမယ်ဆိုပြီးတော့ အစည်းအဝေး ဆုံးဖြတ်ချက်တစ်ခုမှာ ရှိတယ်၊ ရှောရှော ရှူရှူ ဖြစ်တာတောင်မှ အလုပ်လုပ် ရမယ့်ကာလ ၂ လ ဝန်းကျင် ရှိတာကိုး၊ အခုဟာက ဘာမှလည်း ရှောရှော ရှူရှူ မဖြစ်တော့ မေလကုန်မှာ ညီလာခံဖြစ်ဖို့ အလားအလာ အင်မတန် နည်းပါတယ်” ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီ၏ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ(MNA)

    ယမန်နှစ် နှစ်လယ်ပိုင်း ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး မတိုင်မီ ကတည်းက အရှိန်ယူခဲ့သည့် ရှမ်း-လူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်နေရာ သဘောတူညီမှု မရရှိခြင်း၊ ညီလာခံ အပြီး တွင် ကျင်းပမည့်နေရာ အစိုးရနှင့် သဘောတူညီမှု ရရှိခဲ့သော်လည်း လူထုတွေ့ဆုံရှင်းလင်းပွဲ ခရီးစဉ်များကို တပ်မတော်မှ ဟန့်တားခဲ့သည့် ဖြစ်စဉ်များက သဘောထား ကွဲလွဲမှုကို ပို၍ ထင်ဟပ်စေခဲ့သည်။

    ထို့အတူ ရခိုင်ပြည်နယ်တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ လုပ်ခွင့် မပြုခဲ့သလို ကရင်လူမျိုးများ နေထိုင်လျက်ရှိသော ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်ရှိ ကရင်တို့၏ အမျိုးသားအဆင့် ဆွေးနွေးပွဲများ ဆက်လက် ကျင်းပရန် ခွင့်ပြုချက် မရခဲ့ပေ။

    ထိုကြောင့် NCA လက်မှတ် ပဏာမရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့ ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့(PPST) အနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ခွင့် မရပါက တတိယ အကြိမ် ညီလာခံမတက်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည့်အထိပင် အခြေအနေများက ဖြစ်တည်ခဲ့သည်။

    အလားတူ မွန်ပြည်သစ်ပါတီ(NMSP)သည်လည်း မကြာသေးမီက ပူပူနွေးနွေး NCA လက်မှတ် ရေးထိုးပြီး သည်နှင့်ပင် မျှော်လင့်မထားသော ကန့်သတ်မှုများကို တပ်မတော်ဘက်က ပြုလုပ်လာသည်ဟု ပါတီဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

    “UPDJC အစည်းဝေးမှာ မိမိတပ် တည်ဂွင် ဧရိယာထဲမှာ ကြိုက်သလောက် လုပ်ခွင့်ရှိတယ်လို့ ပြောထားတော့ လုပ်ခွင့် ရသလောက် ကျနော်တို့ ကြိုးပမ်းသွားမယ်၊ ဒါနဲ့ပဲ မိမိတပ် တည်ဂွင်ထဲ လူထုရှင်းလင်းပွဲတွေ လုပ်ဖို့ ပြင်ဆင်တဲ့အခါ တပ်ဘက်က ဘာပြောလာသလဲဆိုတော့ “တစ်နေရာ လုပ်ရင် လူဦးရေ ၂၀-၃၀ ထက် မပိုရဘူး တဲ့” လူ ၂၀-၃၀ လောက်ပဲဆိုတော့ ကျဉ်းကျဉ်းလေး ကြက်ပွဲလောက်ပဲ ရှိမှာပေါ့၊ လူထုတွေက အများကြီး၊ အဲဒီ လောက်နဲ့ ဘယ်လိုလောက်မှာလဲ” ဟု နိုင်ဟံသာက ဆိုသည်။

    လတ်တလောတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ် နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ၃ နေရာ၌ ရည်မှန်းထားသည့် လူထု ရှင်းလင်းပွဲများ အပေါ် လူဦးရေ ကန့်သတ်ခြင်း၊ မွန်တပ်ဖွဲ့များ အခြေစိုက်ရာ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့(JMC-S)တွင် မွန်ပြည်သစ်ပါတီအား ပါဝင်ခွင့်မပြုခြင်း၊ Bilateral အရ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ အခြေစိုက်ရာ ဂိတ်စခန်း ၂ ခုအား တပ်မတော်က ဆက် လက် နေရာ ယူထားခြင်း စသည့် ကိစ္စရပ်များကို မဖြေရှင်းနိုင်သေးဘဲ ဖြစ်နေကြောင်း မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များက ထောက်ပြသည်။

    ဖေဖော်ဝါရီ ၁၃ ရက်နေ့ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့၏ NCA လက်မှတ်ရေးထိုးအပြီး ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “RCSS လူထုတွေ့ဆုံပွဲ လုပ်တာကို တပ်မတော်က ကန့်ကွက်တယ်၊ လုပ်ခွင့်မပြုလို့ ဘာကြောင့်လဲ” ဆိုသည့်မေးခွန်းကို တပ်မတော်ဘက်မှပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက “NCA စာချုပ်အတိုင်း သွားပါတယ်၊ NCA စာချုပ်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရင် လူထုတွေဆုံပွဲ လုပ်ရမယ်လို့ မပါလို့ တားတာပါ” ဟု ဆိုသဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တပ်မတော်ကြား NCA စာချုပ်နှင့်ပတ်သက်၍ စကားလုံးဝေါဟာရအဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် သဘောထားကွဲလွဲမှုများ ရှိနေသည်။

    အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ ယခင်ကာလ NCA ဆွေးနွေးမှုများတွင် မကျေလည်ခဲ့သည့် စကားလုံးများကို ဆက်လက်ဆွေးနွေးခြင်း မပြုတော့ဘဲ သမ္မတဦးသိန်းစိန်က မြန်မြန်လက်မှတ် ရေးထိုးခဲ့သဖြင့် လက်တွေ့ ကျင့်သုံးသောအခါ သဘောထား ကွဲလွဲမှုများနှင့် ကြုံတွေ့လာရသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု့ဒ်၏ ဒါရိုက်တာ ဦးအောင်သူငြိမ်းက ယူဆသည်။

    “NCA နဲ့ ပတ်သက်ပြီး တလျှောက်လုံး ဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲ အားလုံးသည် NCA ကဲ့သို့ အကျုံးဝင်သည် ဆို တဲ့ ဆုံးဖြတ်ချက် ရှိခဲ့တယ်၊ ဒါပေမယ့် လက်တွေ့မှာက လက်မှတ်ထိုးဖြစ်တာ စာသားတချို့ပဲ ထိုးဖြစ်တယ်၊ မထိုး ဖြစ်ဘဲနဲ့ အရင် ဆွေးနွေးပွဲမှာ ကျန်ခဲ့တာ တပုံကြီး ရှိသေးတယ်၊ NCA ထဲ မပါသွားဘူး၊ ဒါပေမယ့် အရင်က ဆွေးနွေးခဲ့ ကြတာကို ဘယ်သူမှလည်း ပြန်မပြောကြဘူး၊ စစ်တပ်ဘက်ကလည်း ဒီစာချုပ်ထဲက NCA စာသား သက်သက် ကိုင်ပြောတာပဲ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

    ထို့အတူ ဦးအောင်သူငြိမ်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန် တပ်မတော် ခေါင်းဆောင်များ အနေဖြင့် NLD အစိုးရအား ခရိုက်ဒစ် အမှတ်မပေးလိုသည့်အပြင် အစိုးရနှင့် ငြိမ်းချမ်းရေးကော်မရှင်ဘက်ကလည်း တပ်မတော်နှင့် တိုင်းရင်းသားများ အကြား ဖြစ်ပေါ်နေသည့် အဖုအထစ်များအား ကြားဝင် ဆောင်ရွက်ပေးခြင်း မရှိဟု သူ့အမြင်ကို ပြောသည်။

    “တပ်မတော်ရဲ့ သဘောက ဒီ NCA နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေရဲ့ စည်းရုံးရေး နယ်ထဲမှာ သူ့လူထုကို ရှင်းပြဖို့ ခွင့်ပေးတဲ့ ဟာမျိုးကို သဘောတူတာပေါ့၊ အဲဒါမျိုး မဟုတ်ဘဲနဲ့ မြို့တွေမှာ လုပ်တဲ့ အခါကျတော့ ဒီဘက် က အင်အားစုသလို စည်းရုံးနေသလို စစ်တပ်ဘက်က မြင်တော့ အဖုအထစ်တွေ ဖြစ်တာပေါ့၊ အစိုးရ ဘက်က ရော Peace Commission ဘက်ကရော ဒါကြီးကို အသေအချာ ကြားမဝင်ဘူးဆိုတော့ ခက်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

    မည်သို့ပင် ဆိုစေကာမူ UPDJC ရေးဆွဲထားသည့် လက်ရှိ နိုင်နိုင်ငံရေး ဆွေးနွေးမှု မူဘောင်(Political Frame Work) အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြီးမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပ ရမည်ဟု ပြဌာန်းထားသည်။

    ထိုအတူ အစိုးရကလည်း တစ်နှစ် ၂ ကြိမ် ကျင်းပသွားမည်ဟု ပြောထားရာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တစ်ခုနှင့်တစ်ခု ကြားကာလ များတွင် ကျင်းပကြမည့် သက်ဆိုင်ရာ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်း အရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို စုစည်း၍ ငြိမ်းချမ်းရေး ညီလာခံသို့ တင်ပြခြင်း ဖြစ်သည်။

    အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် လုံခြုံရေး ကဏ္ဍမှလွဲ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာ နှင့် သယံဇာတ စသည့် ကဏ္ဍအသီးသီးတို့ကို ဆွေးနွေးကြမည်ဖြစ်ရာ ကိုယ်စားလှယ် ၅၀၀ ဦးသာ အကန့် အသတ်ဖြင့် တက်ရောက်ခွင့် ရှိသည့်အတွက် နယ်ပယ်အသီးသီးမှ လူထုအသံ အားလုံး ထင်ဟပ်စေရန် လူထု တွေ့ဆုံပွဲများ မဖြစ်မနေ ကျင်းပရန် လိုအပ်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက လက်ခံထားသည်။

    ထို့ပြင် အမျိုးသားအဆင့်် နိုင်ငံရေး ဆွေးနွေးပွဲသည် မိမိ လူမျိုး ဂုဏ်သိက္ခာနှင့် ဆိုင်ခြင်းကြောင့် ယခုလို တားဆီး ပိတ်ပင်ခြင်းသည် မိမိ လူမျိုး ဂုဏ်သိက္ခာကို မထင်ဟပ်စေရန် တားဆီး ပိတ်ပင်ခြင်းလည်း ဖြစ်သည်ဟုလည်း မှတ်ယူထားကြသည်။

    သို့ရာတွင် ကရင်ပြည်နယ် ၃ နေရာတွင် လူထု တွေ့ဆုံ ရှင်းလင်းပွဲများ မကျင်းပနိုင်ခဲ့သော်လည်း မွန်ပြည်သစ် ပါတီ ထိန်းချုပ်ရာ မွန်ပြည်နယ်၊ ရေးမြို ့ အရှေ့ဘက်ခြမ်းရှိ ညီစားစခန်းနှင့် ဝယ်ဇင်စခန်းတို့တွင် ဧပြီလ ဒုတိယ ပတ်နှင့် စတုတ္တပတ်အတွင်း NCA လုပ်ငန်းစဉ် ဆွေးနွေးပွဲကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရ သည်။

    ထိုသို့ လူထု ရှင်းလင်ပွဲ ကျင်းပနိုင်ခဲ့ခြင်းကြောင့် မွန်ပြည်သစ်ပါတီ(NMSP)သည် မူလ အစီအစဉ်အတိုင်း မေလ ၅ ရက်မှ ရ ရက်နေ့အထိ ရေးမြို ့တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ(မွန်လူမျိုးအလိုက်) ကို ကျင်းပ တော့မည် ဖြစ်သည်။

    “ကျနော်တို့ တော်လှန်ရေးလုပ်တာ ကျနော်တို့ လူထုကို ကိုယ်စားပြုတာပဲ၊ ကျနော်တို့ ပင်လျင် တော်လှန်ရေး ထဲ မရောက်ခင်မှာ သာမန်လူထု တစ်ယောက်ပါ၊ ကျနော်တို့ တော်လှန်ရေးကို ထောက်ခံတဲ့ လူထုက အများ ကြီး၊ တကယ်လို့ NCA လက်မှတ် ရေးထိုးရတဲ့ ကိစ္စကို လူထုတွေ သဘောမပေါက်ရင် နောက်ထပ် တော်လှန် ရေး လုပ်မယ့် အဖွဲ့သစ်တွေ ထပ်ပြီး ပေါ်ပေါက်လာနိုင်တယ်” ဟု နိုင်ဟံသာက ပြောသည်။

    မိမိတို့သည် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းပေါ် ဖြေရှင်းသွားရန် ရပ်တည်သောကြောင့် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်မှတ် ရေးထိုးခြင်း ဖြစ်သဖြင့် မိမိတို့ ရပ်တည်ချက်ကို အများ လက်ခံ သဘောပေါက်လာစေရန် လူထုရှင်းလင်းပွဲများ ပြုလုပ်ရန် လိုအပ်သည်ဟု နိုင်ဟံသာက သူ၏ ယုံကြည် လက်ခံထားခြင်းကို ပြောပြသည်။

    သက်ဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပနိုင်သည့်အခါ မိမိတို့ လူမျိုးများ နစ်နာ ဆုံးရှုံးနေသော အခွင့်အလမ်းများကို ပြန်လည် တောင်းဆိုလာနိုင်မည်ဖြစ်သည့်အတွက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ မိမိလူမျိုး ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ယုံကြည်လက်ခံထားကြခြင်း ဖြစ်သည်။

    ဤသို့ ဆိုလျှင် ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ တည်ဆောက်ရန် ဆန္ဒရှိပါသည်ဟု ပြောဆိုနေသော အစိုးရနှင့် တပ်မတော်သည် လူမျိုး ဂုဏ်သိက္ခာနှင့်ဆိုင်သော အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ လွတ်လပ်စွာ ကျင်းပနိုင်ရေးနှင့် ထိုဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အခြေခံကျသော လူထု တွေ့ဆုံ ဆွေးနွေးပွဲ များကိုလည်း လွတ်လပ်စွာ ကျင်းပနိုင်ရေး လမ်းဖွင့်ပေးသင့်သည်ကို သတိပြုမိနိုင်ပါစေ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts