Homeသတင်းမွန်ရေးရာကိစ္စရပ်များအတွက် ရန်ပုံငွေကျပ်သိန်း ၁၀၀၀ မွန်ပြည်နယ်အစိုးရလျာထား

မွန်ရေးရာကိစ္စရပ်များအတွက် ရန်ပုံငွေကျပ်သိန်း ၁၀၀၀ မွန်ပြည်နယ်အစိုးရလျာထား

-

မွန်တိုင်းရင်းသားရေးရာကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် လာမည့်နှစ်တွင် မွန်ပြည်နယ်အစိုးရက ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ သီးသန့်ထောက်ပံ့နိုင်ရန်နှင့် မွန်ပြည်နယ်ရှိ ဗမာ၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားများအတွက် ရန်ပုံငွေကျပ်သိန်း ၂၅၀၀ လျာထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္က္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ဒေါက်တာအောင်နိုင်ဦးက “သူတို့ (အစိုးရအဖွဲ့) က တိုင်းရင်းသားရေးရာဝန်ကြီး ရှိနေတာကို အခြေခံတယ်။ မွန်မှာ တာဝန်ခံဝန်ကြီး မရှိဘူး။ မရှိလို့ လျာထားချက် မထည့်တားလား။ ကျွန်တော်တို့က မရှိလဲ ထည့်လို့ရတယ်လို့ ကျွန်တော်တို့က ဆွေးနွေးတယ်။ အဲဒါကြောင့် မွန်တွေအတွက် သိန်း ၁၀၀၀ သူတို့ ထည့်ပေးလိုက်တယ်။ အခုဆိုရင် ဥပဒေနဲ့အညီ ပြည်နယ်ဘဏ္ဍာမှာ တိုင်းရင်းသားရေးရာကိစ္စမှာ သိန်း ၃၅၀၀ ထောက်ပံ့ဖို့ ရှိတယ်” ဟု ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ရန်ပုံငွေထောက်ပံ့ရန် မွန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံအပြီးမှတ်တမ်းတင်ထားပုံ( Facebook)

ယခုဘဏ္ဍာရေးလျာထားချက် သိန်း ၁၀၀၀ သည် သာမာန်အသုံးစရိတ်တွင် ပါဝင်၍ နှစ်စဉ်ထောက်ပံ့ရမည်ဖြစ်ပြီး မွန်လူမျိုးတို့၏ နေ့ထူးနေ့မြတ်အခန်းအနား၊ မွန်စာပေနှင့် ယဉ်ကျေးမှုအပြင် မွန်အမျိုးသားကျောင်းကိုလည်း ထောက်ပံ့နိုင်ရန် ယင်းရန်ပုံငွေကို အချိုးကျ ခွဲဝေသွားမည်ဟု သူက ဆက်ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရန် တာဝန်ခံဝန်ကြီးတစ်ဦး ပူးတွဲတာဝန်ပေးနိုင်ပါရန် မွန်လွှတ်တော်က ပြည်နယ်အစိုးရကို တိုက်တွန်းထားသော်လည်း ဝန်ကြီးချုပ်က ၎င်းကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

တိုင်းရင်းသားရေးရာကိစ္စရပ်များအတွက် ရန်ပုံငွေလျာခြင်း ထောက်ပံ့ခြင်းတို့ကို ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေဖြင့် တာဝန်ယူကိုင်တွယ်သင့်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

ဒေါက်တာမင်းကြည်ဝင်းက “တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ရုံးလည်း ဖွင့်ပြီးပြီ။ ရုံးအတွက် ဘတ်ဂျက်ရှိမယ်။ လုပ်ငန်းဆောင်ရွက်ချက် အကောင်အထည်ဖော်မှုဆိုတာလဲ ရှိရမယ်။ တိုင်းရင်းသားအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ တိုင်းရင်းသားတွေရဲ့လိုအပ်ချက်ကို ဒီရုံးက အကောင်အတည်ဖော်ရမယ်” ဟု ပြောသည်။

လတ်တလောတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ်သိန်း ၅၀၀ ကို နွေရာသီမွန်စာပေသင်ကြားလျက်ရှိသည့် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကို ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်အစိုးရသည် ပြီးခဲ့သည့် (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေး(ဗဟို) အား ငွေကျပ်သိန်း ၅၀၀ ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts