Wednesday, May 6, 2026
More
    spot_img
    Homeသတင်းစစ်မှန်သောပြည်ထောင်စုနှင့် မိမိကြမ္မာဖန်တီးရေး မွန်အမျိုးသားတို့တောင်းဆို

    စစ်မှန်သောပြည်ထောင်စုနှင့် မိမိကြမ္မာဖန်တီးရေး မွန်အမျိုးသားတို့တောင်းဆို

    -

    မွန်တစ်မျိုးသားလုံး သွေးစည်းညီညွတ်ကြ၊ စစ်မှန်သောပြည်ထောင်စု တည်ဆောက်ကြ၊ မွန်တို့ကံကြမ္မာ မိမိဖန်တီးနိုင်ရမည် စသည့်တောင်းဆိုချက်များဖြင့် မွန်ပြက္ခဒိန် တပို့တွဲဲလပြည့်ကျော် ၁ ရက်(ဖေဖော်ဝါရီ ၁ ရက်) နေ့ နံနက်ပိုင်းတွင် ကျင်းပသည့် (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုက ကြေညာချက်ထုတ်ပြန်လိုက်သည်။

    မိမိလူမျိုးအရှည်တည်တံ့စွာရှိရေးနှင့် တိုးတက်ရေး၊ မျိုးရိုးဗီဇကြီးပွားဖွံ့ဖြိုးရေးဆိုသည့် တာဝန်နှစ်ရပ်ကိုလည်း မလွတ်တမ်းထမ်းရွက်ရမှာဖြစ်သည့်အတွက် မည်သည့်နေရာ မည်သည့်ဒေသရောက်ရောက် ၄င်းတာဝန်များကျေပွန်ပါက ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးကို ဧကန်မုချရရှိမည်ဟု ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၌ ကျင်းပသည့် မွန်အမျိုးသားနေ့ဗဟိုက ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မွန်အမျိုးသားနေ့အခမ်းအနားများ ကျင်းပသည့် မြို့ရွာဒေသအသီးသီးရှိ အခမ်းအနားများတွင် မွန်-ဗမာနှစ်ဘာသာဖြင့် ဖြန့်ဝေခဲ့ကြောင်း တွေ့ရသည်။

    မွန်အမျိုးသားနေ့ ဗဟို(Facebook)

    မွန်ပြည်သစ်ပါတီမှ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်းက “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသောဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ပေါ်ထွန်းရေးအတွက် ရွေးကောက်ပွဲဝင် မွန်နိ်ုင်ငံရေးပါတီများ စုစည်းညီညွတ်ကာ တစ်ပါတီဖြစ်ရေး၊
    ပြည်တွင်းပြည်ပရှိ မွန်အမျိုးသားများ စုစည်းညီညွတ်ရေး၊ မွန်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များ အင်အားခိုင်မာတောင့်တင်းရေးအတွက် ဝိုင်းဝန်းကူညီအားပေးကြပါ” ဟု ဇာသပြင်ကျေးရွာ မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားတွင် မိန့်ခွန်းတက်ရောက်ပြောကြားခဲ့သည်။

    ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့သဝဏ်လွှာကိုလည်း ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင်ဝင်းက အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

    “ဤသို့သော အချိန်အခါတွင် မွန်ပြည်သစ်ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် မကြာမီ ပါဝင်လက်မှတ်ရေးထိုးကာ နိုင်ငံတော်အစိုးရ၊ ပြည်သူများနှင့်အတူ လက်တွဲလျှောက်လှမ်းသွားမည့် ခိုင်မာသော ကတိကဝတ်ကို ထုတ်ပြန်ခဲ့ပါသည်။ မွန်တိုင်းရင်းသားများနှင့် ပြည်သူတစ်ရပ်လုံးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည့် ငြိမ်းချမ်းရေးခြေလှမ်းဟု ဆိုနိုင်ပါသည်” ဟု မင်းတင်ဝင်းက ဖတ်ကြားခဲ့သည်။

    အလားတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သဝဏ်လွှာကို မွန်အမျိုးသားနေ့အခမ်းအနားကျင်းပသည့် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်နှင့် ရန်ကုန်မြို့တို့တွင်လည်း ဖတ်ကြားခဲ့သည်ဟု သိရသည်။

    မွန်ဘုရင် သမလနှင့် ဝိမလ ညီနောင်နှစ်ပါး ဟံသာဝတီမွန်နေပြည်တော်ကြီး(ပဲခူး) စတင်တည်ထောင်သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကိုအစွဲပြု၍ မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks