spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းဧရာဝတီသတင်းထောက် လဝီဝင်ရေးသောဆောင်းပါးအား မွန်ပြည်သစ်ပါတီကန့်ကွက်

    ဧရာဝတီသတင်းထောက် လဝီဝင်ရေးသောဆောင်းပါးအား မွန်ပြည်သစ်ပါတီကန့်ကွက်

    -

    ဧရာဝတီသတင်းထောက် လဝီဝင်ရေးသောဆောင်းပါးအား “စစ်နှင့်ငြိမ်းချမ်းရေးစရိတ် မွန်တပ်ဖွဲ့ပြန်သုံးသပ် Mon Army Reassessing Costs of War and Peace ကို မွန်ပြည်သစ်ပါတီ ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၉ ရက်နေ့စွဲဖြင့် ဧရာဝတီသတင်းဌာန အယ်ဒီတာချုပ်ထံ ကန့်ကွက်စာရေးသားပေးပို့ကြောင်း သိရသည်။

    သတင်းထောက်တစ်ဦး၏ကျင့်ဝတ်ကိုလိုက်နာခြင်း မရှိဘဲ လူငယ်များနှင့်ပြောဆိုချက်ကို သတင်းအဖြစ်တင်ပြခြင်းဖြစ်ကြောင်း၊ ၄င်းအခြေအမြစ်မရှိသော အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့်ရေးသားသည့်သတင်းအား Website အင်တာနက်စာမျက်နှာမှ ဖြုတ်ချရန် နှင့် နောင်တွင် ဤကဲ့သို့လုပ်ဆောင်မှုမျိုး မဖြစ်ပေါ်စေရန် သတိပေးပါသည်ဟု မွန်ပြည်သစ်ပါတီ၏ ကန့်ကွက်စာတွင် ရေးသားဖော်ပြထားသည်။

    ဧရာသတီသတင်းဌာနသို့ မွန်ပြည်သစ်ပါတီကန့်ကွက်စာ(Copy)
    မွန်ပြည်သစ်ပါတီ၏ညွှန်ကြားချက်အရ ကန့်ကွက်စာရေးသားပေးပို့သူ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက “မွန်ပြည်သစ်ရဲ့သင်တန်းကျောင်းကို လူငယ်တွေအစားအစာထောက်ပံ့သွားရောက်ပေးကမ်းရင်းနဲ့ စစ်ရုံးကိုရောက်သွားတယ်၊ ဗိုလ်ချုပ်နဲ့ဆုံတော့ လူငယ်တွေ သိချင်တာကို မေးမြန်းတယ်၊ လဝီဝင်လည်းပါတာပေါ့၊ သတင်းရေးဖို့ မေးမြန်းတာလည်းမဟုတ်ဘူး၊ ဗိုလ်ချုပ်လယီကောင်းနဲ့ လူငယ်တွေနဲ့မေးမြန်းပြောဆိုခဲ့တာကို သူမှတ်ထားတယ်၊ သတင်းယူမယ်လို့ တိတိကျကျပြောထားတာမရှိဘူး၊ အချို့စကားလုံးတွေမှာ အခြေအမြစ်မရှိတာလည်းပါတယ်၊ အချက်အလက်တွေကလည်း တိကျမှုမရှိလို့ ကန့်ကွက်ရတာပါ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါ မွန်ပြည်သစ်ပါတီ၏ ကန့်ကွက်စာကို ဧရာဝတီသတင်းဌာနသို့ ဒီဇင်ဘာ ၉ ရက်နေ့က အီးမေးလ်ဖြင့်ပေးပို့ခဲ့ကြောင်း သူက ဆိုသည်။

    “ကျနော်တို့ဆီမှာ သတင်းထောက်အနေနဲ့သတင်းယူမယ်ဆိုရင် ခွင့်ပြုချက်တောင်းရပါမယ်၊ အခုကိစ္စမှာပါတဲ့အချို့စကားလုံးတွေက ဗိုလ်ချုပ်လယီကောင်းပြောဆိုခဲ့တာမရှိဘဲနဲ့ ထည့်ရေးထားတာ၊ KIA, UWSA နှင့်ပတ်သက်တဲ့ကိစ္စတွေဟာ ကျနော်တို့အချင်းချင်းကြားမှာ သံသယဖြစ်စရာ၊ သိက္ခာကျစရာတွေ ဖြစ်စေတယ်” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

    အထူးသဖြင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်က လက်နက်ထုတ်ရန် ကိုယ်ပိုင်စက်ရုံရှိသည်။ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သည်လည်း လက်နက်စက်ရုံတရုံ ရှိသည်”ဆိုသည့်အချက်မှာ ဗိုလ်ချုပ်လယီကောင်း ပြောဆိုချက်မဟုတ်ကြောင်း သူကငြင်းဆိုသည်။

    သို့ရာတွင် ဆောင်းပါးရှင် လဝီဝင်က “ကချင်တို့ “ဝ” တို့လက်နက်ထုတ်လုပ်နေတဲ့ကိစ္စဟာ လူတိုင်းသိနေတဲ့ဟာပဲ၊ ကမ္ဘာကလည်းသိနေတာပဲ၊ မြန်မာမကဘူးသိနေတာ ဘာကိုစိုးရိမ်စရာရှိနေလို့လဲ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မွန်ပြည်သစ်ပါတီကို တိုက်ရိုက်အင်တာဗျူးခွင့် မည်သို့မျှမရနိုင်ကြောင်း၊ မိမိရှေ့မှောက်တွင် အဆိုပါအကြောင်းအရာများကို ပြောပြနေသည့်အတွက် ရေးသားရခြင်းဖြစ်ကြောင်း၊ အကယ်၍ ရေးသားခွင့်မရှိသည့်အကြောင်းအရာဆိုလျင် သတင်းမရေးရန် မိမိအားတားမြစ်မည်ဟုယူဆကြောင်း လဝီဝင်က ဆက်ပြောသည်။

    ဧရာဝတီသတင်းဌာနအကြီးတန်းသတင်းထောက် လဝီဝင်သည် မွန်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် သူရေးသားထားသော Mon Army Reassessing Costs of War and Peace ဆောင်းပါးကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့တွင်၄င်း၊ ဆောင်းပါး၏မြန်မာဘာသာပြန်ဆိုချက်ကို ဒီဇင်ဘာ ၅ ရက်နေ့တွင်၄င်း ဧရာဝတီသတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြပါရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts