spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးကော်မရှင် နှင့် DPN ၏ ဆွေးနွေးမှုပြီးဆုံးရန် လက်တကမ်းအလိုရောက်နေပြီဟု နိုင်အောင်မငေး ပြော

    ငြိမ်းချမ်းရေးကော်မရှင် နှင့် DPN ၏ ဆွေးနွေးမှုပြီးဆုံးရန် လက်တကမ်းအလိုရောက်နေပြီဟု နိုင်အောင်မငေး ပြော

    -

    ငြိမ်းချမ်းရေးကော်ရှင် (Peace Commission)နှင့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation – DPN) ၏ (၇) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် အောက်တိုဘာ ၂၃ ရက် မနက် ၉ နာရီတွင် စတင် ကျင်းပလျက် ရှိသည်။

    ထိုအစည်းအဝေးအပြီး ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ၌ DPN အဖွဲ့၏ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင် မငေးက “ဒီကနေ့ ဆွေးနွေးပွဲကတော့ နံပတ်(၅)က အကျေအလည် အခြေခံတော့ ရပြီ။ နံပတ်(၆)လောက်အ ထိလည်း ပြီးသလောက် ရှိပြီ။ နံပတ်(၇)က ပြီးဆုံးဖို့ နည်းနည်းပဲ ကျန်တော့တယ်။ ဒါကလဲ ပြောမယ်ဆိုရင် ပြီးပြတ်ဖို့က သုံးပုံနှစ်ပုံ ကျော်လာပြီ။ လက်တကမ်းအလိုမှာပဲ ရောက်လာပြီ” ဟု နိုင်အောင်မငေးက ပြောသည်။

    နိုင်အောင်မငေး(အလယ်လူ) သတင်းထောက်များ ရှင်းလင်းနေစဉ်(MNA)
    ယခု တွေ့ဆုံညှိနှိုင်းနေသည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့၏ ဆွေးနွေးပွဲမှာ အားရစရာကောင်းပြီး မျှော် လင့်ထားသည့် အချိန်အတိုင်းအတာ တစ်ခုအထိ ရောက်မည်ဟု မျှော်မှန်းနိုင်ကြောင်း နိုင်အောင်မငေးက ဆိုသည်။ သတင်းစာရှင်းလင်းပွဲကို ငြိမ်းချမ်းရေးကော်မရှင်မှ ဦးဇော်ဌေး၊ DPN ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးနှင့် ဦးထွန်းဇော်တို့က ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

    ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံ တည်ထောင်ရန်၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ဆုံးဖြတ် အတည်ပြုရာ၌ ပါဝင် နိုင်ရန်နှင့် ၂၁ ရာစု ပင်လုံညီလာခံသို့ ပါဝင်တက်ရောက်ရန်တို့အတွက် အဆိုပြုချက် (၉) ချက်ကို အစိုးရထံ ၂၀၁၆ ခုနှစ်အတွင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။

    ထိုအဆိုပြုချက်များမှာ
    (၁) တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ကြေညာခြင်းကို အစိုးရ၊ တပ်မတော်မှ ဤသဘောတူညီချက် ရရှိပြီးနောက် ၂၄ နာရီအတွင်း ထုတ်ပြန်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီဝင်အဖွဲ့ဝင် အဖွဲ့အစည်းများက ၄၈ နာရီအတွင်း အသီးသီး ထုတ်ပြန်သွားရန်။
    (၂) လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုး သား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေ စီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားရန်။
    (၃) နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲအဆင့်ဆင့်တွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များနှင့် တရားဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပါဝင်စေ ပြီး တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သော ကိုယ်စားလှယ်များကို ၎င်းတို့နှင့် စပ်ဆိုင်သော ကဏ္ဍများတွင်သာ ပါဝင်စေရန်။
    (၄) ၂၁ ရာစုပင်လုံညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက် များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းရန်။
    (၅) နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုဆိုင်ရာ မူဘောင်အပါအဝင် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် (CoC) နှင့် စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန် (ToR) နှင့် တပ်နေရာ ပြန် လည်နေရာချထားရေးတို့ကို ကြိုတင်သဘော တူညီမှုရယူရန်။
    (၆) အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အများယုံကြည်လေးစားသော ပုဂ္ဂိုလ် များပါဝင်သည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတစ်ရပ်ကို နှစ်ဘက် သဘောတူ လက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ကြီးကြပ်စောင့် ကြည့်ရေးအဖွဲ့နှင့်အ တူ ဖွဲ့စည်းသွားရန်။
    (၇) တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) နှင့် ဤသဘောတူညီ ချက်ပါ လိုက်နာရမည့် တာဝန်များ၊ စည်းကမ်းချက်များနှင့်စပ်လျဉ်း၍ မပြေလည်မှု ပေါ်ပေါက်လျှင် ပြည်တွင်းနှင့် နိုင်ငံတကာမှ နှစ်ဖက်သဘောတူညီသော ဥပဒေပညာရှင်များနှင့် တရားသူကြီးများပါဝင်သော လွတ်လပ်သည့် ဖျန်ဖြေရေးကော်မရှင်၏ ဆုံးဖြတ်မှု ခံယူရန်။
    (၈) အပစ်ရပ်ဒေသအတွင်း ဒေသခံ ပြည်သူလူထုအပေါ် အကျိုး သက်ရောက်မှုကြီးမားသော စီမံကိန်းများကို ဖော်ဆောင်ရန်ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (Extractive Industries Transparency Initiative -EITI) ၏ လုပ်ထုံးလုပ်နည်းများအ တိုင်း ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတို့နှင့် ညှိနှိုင်းသဘောတူညီချက်ရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်အပြင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီများကို ဤသဘောတူညီချက်အရ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်ရန်။
    (၉) အထက်ဖော်ပြပါအချက်များကို နှစ်ဖက်ညှိနှိုင်းဆွေးနွေး သဘောတူညီမှု ရရှိပြီးသည်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးရန် တို့ဖြစ်သည်။

    ယခုဆွေးနွေးမှုမှ ကျန်ရှိနေသော အချက်များကို သဘောတူညီမှု ရရှိရန် အောက်တိုဘာ ၂၄ ရက်(ယနေ့)တွင် ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည်။ ယခု အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးသိန်း ဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဦးနိုင်ငံလင်း၊ ဦးအောင်ကြည်၊ ဦးအောင်စိုး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးအေးလွင် (နည်းပညာ အထောက်အကူပြု)၊ ဦးမိုးဇော်ဦး၊ ဦးမောင်မောင်အေး တို့တက်ရောက်သည်။ DPN ဘက်မှ အဖွဲ့ခေါင်းဆောင် ခူဦးရယ်၊ ဒုတိယအဖွဲ့အခေါင်းဆောင် နိုင်အောင်မငေး၊ ဦးထွန်းဇော်၊ ဦးဘုန်းနိုင်၊ ဦးမင်းထွန်း၊ နာဗစ်ဘွန် တို့တက်ရောက်ကြသည်။ ထို့အပြင် လေ့လာသူများအဖြစ် (KNU) မှ ပဒိုရွှေမောင်း၊ (RCSS) မှ စိုင်းငင်း၊ (ABSDF) မှ ရဲဘော်သံခဲ တို့တက်ရောက်လျက်ရှိပြီး အကျိုးဆောင်များအဖြစ် ဦးကျော်လင်းဦးနှင့် ဒေါ်ဂျာနန်တို့က ဆောင်ရွက်လျက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks