Homeသတင်းငြိမ်းချမ်းရေးကော်မရှင်နှင့် DPN ၏ ဆွေးနွေးမှုအခက်အခဲမှာ မူဝါဒများ ကြိုတင်ချမှတ်ထားခြင်း ကြောင့်ဟုဆို

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN ၏ ဆွေးနွေးမှုအခက်အခဲမှာ မူဝါဒများ ကြိုတင်ချမှတ်ထားခြင်း ကြောင့်ဟုဆို

-

ငြိမ်းချမ်းရေးကော်မရှင် Peace Commission-PC နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ United Nationalities Federal Council-UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation-DPN တို့၏ ဆွေးနွေးနေ မှု အခက်အခဲမှာ မူဝါဒများ ကြိုတင်ချမှတ်ထားခြင်းကြောင့် ဖြစ်သည်ဟု DPN အဖွဲ့ဝင် ဦးထွန်းဇော်က ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN အဖွဲ့၏ (၇) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအစည်းအဝေးကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန NRPC ၌ ကျင်းပအပြီး သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ဦးထွန်းဇော်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN ၏သတင်းစာရှင်းလင်းပွဲ(MNA)
“အခက်အခဲကတော့ ကျွန်တော် အရင်ကလဲ ပြောဖူးပါတယ်။ မူဝါဒပိုင်းဆိုင်ရာ ကြိုတင်သတ်မှတ်ချက် တွေပါပဲ။ အဲဒါက ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာတော့ နည်းနည်းလေး အဟန့်အတား ဖြစ်စေ တာပေါ့” ဟု ဦးထွန်းဇော်က ပြောသည်။

UNFC အနေဖြင့် ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်းကို ပြင်ဆင်နေခြင်းဖြစ်ပြီး ပြင်ဆင်၍ မရသည့် အနေအထားဖြစ်နေသည်ဟု ဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ လက်မှတ်ထိုးထားသည်မှာ ၂ နှစ်ပြည့်ခဲ့ပြီဆိုသော်လည်း အားနည်းချက်များ၊ စိန်ခေါ်မှုများ ရှိနေသည်ကို တင်ပြနေသည့် အတွက် မကြာခင်အချိန်တွင် ပြန်လည်သုံးသပ်ကြရန် ပြင်ဆင်နေကြောင်း မြင်ရသည်။ ထို့ကြောင့် UNFC အနေဖြင့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အစိုးရပိုင်းမှာတော့ နှစ်ပိုင်းရှိတယ်။ NCA ထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်။ နောက် အခုညှိနေတဲ့ UNFC အဖွဲ့တွေ ရှိတယ်။ ရှိတဲ့အချိန်မှာ ဒီသဘောတူညီချက်တိုင်းမှာ ကျွန်တော်တို့ ဘာကို မျှော်လင့်လဲဆိုတော့ NCA ကိုထိုးပြီးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း သဘောထားတွေ ထည့်သွင်းပြီးတော့ စဉ်းစားပြီးတော့ လုပ်ရတယ်ပေါ့။ အဲဒီသဘောပါ”ဟု ငြိမ်းချမ်း ရေးကော်မရှင်မှ ဦးဇော်ဌေးက ပြောသည်။

မူဝါဒ အခက်အခဲများတွင် တပ်ပိ်ုင်းဆိုင်ရာကိစ္စရပ်များတွင် တပ်မတော်ဘက်မှ နိုင်ငံတကာ ပါဝင်မှု အခန်းကဏ္ဍတွင် လုံးဝပိတ်ပင်ထားခြင်း၊ NCA စာချုပ်၏ အပိုဒ် ၁၂ (ဂ)တွင် နိုင်ငံခြား အစိုးရများ၏ ကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို ပစ်ခတ်တိုက်ခိုက် မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်တွင် လေ့လာသူ၊ အကြံပေးနှင့် နည်းပညာအထောက် အကူပြုအဖြစ် ပါဝင်ခွင့်ပြုရန် နှစ်ဖက်သဘောတူ ဆောင်ရွက်ရမည်ဆိုသောအချက်များကို ၂ နှစ်တာ ကာလအတွင်း အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း ဦးထွန်းဇော်က ဥပမာ တစ်ခုအနေဖြင့် ထောက်ပြသည်။

“နိုင်ငံတကာ ပါဝင်မှုဆိုတဲ့အခန်းကဏ္ဍအတွက် JMC အစည်းအဝေးတွေမှာ ပြောဖို့ လျာထားတယ်။ Review မှာလဲ ဒါတွေဘယ်လိုထားမလဲ ဆိုတာတွေလည်း ပါမယ်။ ဒါက လက်မှတ်ထိုးပြီးသား အဖွဲ့ တွေနဲ့ ရှေ့ဆက် ကျွန်တော်တို့ ညှိနေရတာတွေက မပြတ်သေးဘူး။ မပြတ်သေးတဲ့အချိန်မှာ ဒီ UNFC က အဆိုပြုချက်တွေကို အတတ်နိုင်ဆုံး ကျွန်တော်တို့ အဆင်ပြေအောင် ကြားထဲမှာ ဟိုဘက်ဒီဘက် ညှိနှိ်ုင်းနေရတဲ့ သဘောထားရှိတယ်” ဟု ဦးဇော်ဌေးက ရှင်းပြသည်။

မူဝါဒပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲများ၌ အစိုးရနှင့် တပ်မတော်၏ သဘောထားသည် NCA စာချုပ် အပေါ်တွင် သွားနေရသည့်အတွက် NCA ကို သွေဖည်၍ မရပေ။ ထို့ကြောင့် NCA ကို သွေဖည်ခြင်း မရှိဘဲ တစ်ဖက်တွင် DPN နှင့်အဆင်ပြေစေရန် ညှိနှိုင်းနေကြောင်း ဦးဇော်ဌေးက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့၏ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts