Homeသတင်းမွန်ပြည်နယ်တွင် လိုင်စင်စည်းကမ်းဖောက်ဖျက်သည့် အရက်ဆိုင် ၅၄ ဆိုင်အရေးယူခဲ့

မွန်ပြည်နယ်တွင် လိုင်စင်စည်းကမ်းဖောက်ဖျက်သည့် အရက်ဆိုင် ၅၄ ဆိုင်အရေးယူခဲ့

-

မွန်ပြည်နယ်အတွင်းရောင်းချလျက်ရှိသည့် အရက်ဆိုင်များကို လစဉ်ပုံမှန်စစ်ဆေးမှုပြုခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အစဖြစ်သည့် ဧပြီလမှ စက်တင်ဘာလထိ လိုင်စင်စည်းမျဉ်းစည်းကမ်းဖောက်ဖျက်သည့် ဆိုင် ၅၄ ဆိုင်အရေးယူခဲ့သည်ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးကံဝင်းက ပြောသည်။

“ဆိုင်တွေကိုတော့ လစဉ် စဉ်ဆက်မပြတ် စစ်ဆေးမှု ပြုလုပ်နေပါတယ်၊ ဒီလမှာလည်း အရေးယူထားတဲ့ဆိုင်တွေ စာရင်းတက်လာပါသေးတယ်၊ လမကုန်သေးတော့ စာရင်းမချုပ်ရသေးဘူး အတိအကျ ပြောလို့မရသေးဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေက နည်းနည်းပြောလာတော့ နောက်ပိုင်းတော်တော် ဖမ်းဆီးမှု လုပ်လာတယ်” ဟု ဦးကံဝင်းက ပြောသည်။

အရက်ဆိုင်တွင် သောက်သုံးနေသူများ(7 Day)
အရေးယူခံရသည့်ဆိုင်များသည် ပထမအကြိမ်တွင် ဒဏ်ငွေပေးဆောင်စေခြင်း၊ ဒုတိယအကြိမ် ထမ်မံ ဖမ်းဆီးရမိပါက ယစ်မျိုးဥပဒေပုဒ်မအရ ငွေဒဏ်အပြင် ထောင်ဒဏ်ကျခံရသည်ထိ အရေးယူခံရမည်ဖြစ်ကြောင်း မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အရေးယူရသည့် အရက်ဆိုင်အများစုသည် ရေးမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့မှ အများဆုံးဖြစ်သည်ဟု ဦးကံဝင်းက ဆက်ပြောသည်။

တစ်ပြည်နယ်လုံးတွင် ခွင့်ပြုလိုင်စင်ရယူထားသည့် အရက်ဆိုင် ၁၉၇၂ ဆိုင်ရှိပြီး အရက်ရောင်းချခွင့် လိုင်စင်အမျိုးအစား ၁၃ မျိုးကို ချထားပေးခဲ့ရာ အရက်ဖြူရောင်းချသည့်ဆိုင် အများဆုံဖြစ်သည်ဟု ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိစာရင်းအရ သိရသည်။

လိုင်စင်အများဆုံးယူထားသည့် အရက်ဖြူများတွင် အခြားအမျိုးအစား အရက်များကိုပါ ရောင်းချနေသဖြင့် မကြာခဏ စစ်ဆေးမှုပြုနေရသည်ဟု ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဆက်ပြောသည်။

“အရက်ဖြူလိုင်စင်က တစ်သိန်းခွဲ ပဲရှိတယ်။ FL 17 (နိုင်ငံခြားအရက်များ ဟိုတယ်နှင့် နားနေခန်း ဥပစာတွင်း သောက်သုံးရန် ကောင်တာဖွင့်၍ လက်လီရောင်းချခွင့်လိုင်စင်) က ၁၂ သိန်းရှိတယ်၊ ဈေးအရမ်းကွာတော့ အရက်ဖြူလိုင်စင်ယူပြီး FL 17 ရောင်းချတာလဲရှိတယ်” ဟု FL 17 လိုင်စင်ရယူထားသည့် မော်လမြိုင်မြို့ရှိ အရက်ဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလထိ ၆ လအတောအတွင်း ယစ်မျိုးလိုင်စင်ခွန် ကျပ်သိန်းပေါင်း ၅၇၂၀ဝ ကျော် ကောက်ခံရရှိထားပြီးဖြစ်သည်ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts