Homeသတင်းမွန်ပြည်နယ်လွှတ်တော်အကြောင်းစာအုပ်မိတ်ဆက်ပွဲ ကျင်းပ

မွန်ပြည်နယ်လွှတ်တော်အကြောင်းစာအုပ်မိတ်ဆက်ပွဲ ကျင်းပ

-

မွန်ပြည်နယ်လွှတ်တော်အကြောင်း ပြည်သူများလေ့လာသိရှိနိုရန် ဒေသဆိုင်ရာလွှတ်တော်များအားပေးကူညီရေးအဖွဲ့ Myanmar Center to Empower Regional Parliaments- MCERP) မှ ဦးဆောင်၍ မော်လမြိုင်မြို့၊ ဈေးကြိုအဝေးပြေးဝင်းရှိ ကုန်စည်ဒိုင်ခန်းမ၌ စက်တင်ဘာလ (၂၀) ရက်နေ့တွင် စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်၏ ရေးရာကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ကိုယ်ရေးအကျဉ်းချုပ်များနှင့် ဆက်သွယ်ရမည့် အချက်အလက်များနှင့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဖွဲ့စည်းပုံ စသည်တို့ပါဝင်သော အကြောင်းအရာများ ရေးသားဖော်ပြခဲ့သည်ကို ဖတ်ရှုရသည်။

မွန်ပြည်နယ်လွှတ်တော်အကြောင်းစာအုပ်မိတ်ဆက်ပွဲ(MNA)
“ပြည်သူတွေအနေနဲ့ အဓိက လွှတ်တော်မှာ သူတို့နဲ့သက်ဆိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဘာတွေလုပ်နေလဲ ဘာတွေသိနေလဲ ဘာတွေပြောချင်လဲဆိုတော့ ဆက်သွယ်လို့ရအောင် ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်” ဟု MCERP ၏ အမှုဆောင်ချုပ် ကိုသိန်းနိုင်က ပြောသည်။

၄င်းစာအုပ်ပါအချက်အလက်များအား မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများထံ ခွင့်တောင်းပြီး လိုအပ်သည့်အချက်အလက်များကို ကောက်ယူခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

“တစ်ချို့ချို့မှာဆိုရင် ပြည်သူတွေက လွှတ်တော်အဖွဲ့အစည်းတွေ လွှတ်တော်အမတ်တွေ လွှတ်တော်အတွင်း မှာရှိတဲ့ ကော်မတီတွေ ဘယ်လိုဆက်သွယ်ရမလဲဆိုတာ အများစုက မသိကြဘူး၊ ဒီစာအုပ်ကို ထုတ်ပေးတော့ မွန်ပြည်နယ်လွှတ်တော်တွေရဲ့ ဖုန်းနံပါတ်၊ Email ၊ ကော်မတီတွေနဲ့ ဘယ်လိုဆက်သွယ်ရမလဲဆိုတာ စာအုပ်ထဲမှာ ရေးထည့်ထားတာရှိတယ်။ ပြည်သူတွေကြား လူထုအဖွဲ့အစည်းကြား သူတို့ဖြန့်ဝေထားတယ်၊ အထောက်အကူဖြစ်တာကတော့ ဘယ်သူဖြစ်စ် လွှတ်တော်နဲ့ဆက်သွယ်ချင်လို့ရှိရင် နည်းလမ်းတစ်ခုရသွားတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ဒေသဆိုင်ရာလွှတ်တော်များအားပေးကူညီရေးအဖွဲ့ (MCERP) သည် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအား ဥပဒေရေးဆိုင်ရာများကို အထောက်အပံ့များပေးရန်၊ ပြည်သူလူထုများနှင့် မိမိတို့၏မဲဆန္ဒရှင်များ ထိတွေ့ဆက်ဆံမှု မြင့်မားစေရေးအတွက် အကူအညီများပေးရန်၊ အုပ်ချုပ်ရေးမှုမဏ္ဍိုင်နှင့် တရားစီရင်မှုမဏ္ဍိုင်များကို ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်များမှ ထိရောက်စွာ ထိန်းညှိပေးနိုင်ရေး အကူအညီပေးရန်နှင့် ပြည်သူများမှ ၎င်းတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး ဒေသဆိ်ုင်ရာအုပ်ချုပ်ရေးတွင် တက်ကြွစွာ ပါဝင်လာနိုင်ရန်အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားသည်ဟု ဆိုသည်။

၄င်းစာအုပ်၏ အချက်အလက်များကို MCEPR အဖွဲ့မှပြုစုခဲ့ပြီး သြဂုတ်လတွင် အုပ်ရေ (၁၀ဝ၀) ပထမအကြိမ်၊ စက်တင်ဘာလတွင် အုပ်ရေ (၂၀ဝ၀)ဖြစ် ဒုတိယအကြိမ် ထပ်မံဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts