Homeသတင်းNCA ကိုနားလည်မှုနည်းပါးခြင်းကြောင့် JMC လုပ်ငန်းစဉ်မချောမွေ့ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးပြော

NCA ကိုနားလည်မှုနည်းပါးခြင်းကြောင့် JMC လုပ်ငန်းစဉ်မချောမွေ့ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးပြော

-

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ Joint Ceasefire
Monitoring Committee-JMC-U ၏ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် NCA ကို နားလည်မှုနည်းခြင်းကြောင့် JMC လုပ်ငန်းစဉ် မအောင်မြင်ရခြင်းဖြစ်ကြောင်း JMC-U ဒု-ဥက္ကဌ(၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောသည်။

ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ယနေ့(စက်တင်ဘာ ၂၀ ရက်) နံနက် ၁၀ နာရီတွင် အဆိုပါ ပုံမှန်အစည်းအဝေး စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

(၁၂) ကြိမ်မြောက် JMC-U ပုံမှန်အစည်းအဝေး(MNA)
“ကျွန်တော်တို့ JMC အနေနဲ့ ရောက်ရာအဆင့်ကနေ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ်။ ဒါပေမဲ့လည်း နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်ပဋိပက္ခရဲ့ ဖြတ်သန်းတဲ့ အတွေ့အကြုံတွေကြောင့် နှစ်ဖက်အကြား သံသယစိတ်တွေ ရှိနေသေးတာရယ်၊ NCA ကို သဘောပေါက်နားလည်တာ နည်းပါးပြီးတော့ NCA ပါ အချက်အလက်တွေကို ကျွန်တော်တို့နှစ်ဖက်တွေ့ဆုံမှုတွေက မတူညီခြားနားမှုတွေရှိခဲ့တာကြောင့် ကျွန်တော်တို့နှစ်ဖက်မှာ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်” ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ဆိုသည်။

ဆက်လက်၍ နှစ်ဖက်အဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာသဘောတူစာချုပ် NCA ကို လေးစားယုံကြည်မှုရှိရန် လိုအပ်ကြောင်း၊ JMC လုပ်ငန်းစဉ်များ အောင်မြင်အထမြောက်အောင်မြင်စေရန် မည်သို့ပင် အခက်အခဲများရှိနေသည်ဖြစ်စေ စိတ်ရှည်ရှည်နှင့် ဇွဲရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “ဒီအစည်းအဝေးမှာ ကျွန်တော်တို့ JMC ကော်မတီများအနေနဲ့ JMC ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အကြေအလည် ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု အစည်းအဝေးအဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အစည်းဝေးပွဲတွင် ပြည်နယ်/တိုင်းဒေသကြီးများ JMC-S ကို (၅) နေရာတွင် ဖွဲ့စည်းခဲ့ပြီး ဒေသအဆင့် JMC-L များကိုလည်း (၂)နေရာ ဖွဲ့စည်းနိုင်ခဲ့ခြင်းကြောင့် JMC သည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်ကြောင်း JMC-U ၏ အရပ်သား ကိုယ်စားလှယ် ဒုတိယဥက္ကဌ(၂) သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေးက ပြောသည်။

ယခုကျင်းပနေသော ၁၂ ကြိမ်မြောက် JMC အစည်းအဝေးကို စက်တင်ဘာ ၂၂ ရက် အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ သတင်းစာရှင်းလင်းမည့်အချိန်နှင့် နေ့ရက်ကို ဆက်လက်ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts