Homeသတင်းMCL ဘိလပ်မြေစက်ရုံ၏ EIA,SIA ဆန်းစစ်ချက်အစီရင်ခံစာအား ဒေသခံများလက်မခံ

MCL ဘိလပ်မြေစက်ရုံ၏ EIA,SIA ဆန်းစစ်ချက်အစီရင်ခံစာအား ဒေသခံများလက်မခံ

-

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ တည်ဆောက်ထားသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL မှ ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ စစ်တမ်း EIA နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆိုင်ရာ စစ်တမ်း SIA လေ့လာဆန်းစစ်ချက် အစီရင်ခံစာအား အများပြည်သူလူထုသို့ ချပြရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ပျားတောင်ဒေသခံများ လက်မခံကြောင်း သိရသည်။

ပျားတောင်ဒေသ မယ်ဂရိုးကျေးရွာနေ နိုင်ရွေဝင်းက “သူတို့ရဲ့ EIA, SIA တွေမှားနေတာ သိနေတာပဲ၊ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အစီရင် ခံစာထဲမှာ ပျားတောင်ဒေသက ကန့်ကွက်သူနဲ့ ထောက်ခံသူအခြေအနေက ကျွန်တော်လေ့လာရမိ သလောက် နိတုံမှာ သူတို့ကို ကန့်ကွက်တဲ့သူ ၁၀ ရာခိုင်နှုန်းတဲ့၊ကျန်တဲ့ရွာ ဥပမာ ကျွန်တော်တို့ မယ်ဂရိုး၊ ကော့ဒွန်း ကော့ပနော်တို့မှာ သူ့ကို ကန့်ကွက်တဲ့သူ သုညရာခိုင်နှုန်းတဲ့ ဒါက လုံးဝမဖြစ်နိုင်ဘူး” ဟု ပြောသည်။

MCL ၏ EIA,SIA ဆန်းစစ်ချက်အစီရင်ခံစာ ချပြပွဲသို့တက်ရောက်လေ့လာသူများ(MNA)
သြဂုတ် ၁၇ ရက်နေ့က မော်လမြိုင်မြို့ ရာမညဟိုတယ်တွင် ပြုလုပ်သော MCL သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်လေ့လာဆန်းစစ်ခဲ့မှုအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ အများပြည်သူလူထုသို့ ချပြရှင်းလင်းပွဲသို့ တက်ရောက်ရန် ပျားတောင်ဒေသခံ များအား အသိပေးဖိတ်ကြား ထားခြင်းမရှိကြောင်း၊ မိမိဖာသာဖြင့် ကြားသိရပြီး MCL ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလို၍ ဒေသခံသံဃာများနှင့် နီးစပ်သူများကို နှိုးဆော်ပြီး လာရောက်ခဲ့ရကြောင်း ၄င်းက ဆက်ပြောသည်။

အတ္တရံဒေသ ကျိုက်ပရံကျေးရွာဒေသခံ နိုင်ရဲဇော် က “သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစမ်းစစ်ချက် ဒီဟာကိုလေ့လာခဲ့တာ ၂၀၁၃ ဝန်းကျင်က ဖြစ်တယ်၊ ဒီဟာကို ပြန်လေ့လာဖို့ ညွှန်ကြားခဲ့တာ ၂၀၁၆ ဝန်းကျင်ဖြစ်တယ်၊ အခုလေ့လာဖို့ အစီရင်ခံစာ တင်တာသည် ၂၀၁၇ ဖြစ်တယ်၊ ၂၀၁၃ ခုနှစ်က တင်ထားတဲ့ ဒီလေ့လာမှုစမ်းစစ်ချက်ကို တကယ်တမ်း ကာလစည်းကမ်းချက်အတိုင်း ဘယ်လိုမှ ကျင့်သုံးလို့ မရဘူး၊ ကွာခြားမှုသည် အများကြီးဖြစ်သွားပြီ၊ ဒါကြောင့် ၂၀၁၃ မှာ ရှာထားတဲ့ဟာကို ဒီမှာလာထည့်လို့ မရပါဘူး၊ ဒီစမ်းစစ်မှုသည် တရားမဝင်ပါဘူးလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ဆိုသည်။

မော်လမြိုင် ဘိလပ်မြေကုမ္ပဏီလီမိတက်မှ တည်ဆောက်ထားသည့် စီမံကိန်းနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် လူမှုပတ်ဝန်းကျင် လေ့လာဆန်းစစ်သည့်အပေါ် REN အဖွဲ့မှ ၂၀၁၀ ခုနှစ်မှစ၍ အကြံညဏ်ပေးမှု ဆောင်ရွက်လာခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင် MCL ဘိလပ်မြေစက်ရုံနှင့်ပတ်သက်သည့်အစီရင်ခံစာတစ်အုပ် ထုတ်ဝေခဲ့ကြောင်း သိရသည်။

ထိုအစီရင်ခံစာသည် စက်ရုံလုပ်ငန်းများနှင့် ပတ်သက်သည့် ဆန်းစစ်မှုအားလုံးကို ပေါင်းစည်းပြီး အစီရင်ခံစာတစ်အုပ်အဖြင့် ထုတ်ပြန်ခဲ့ရာ ၂၀၁၆ ဝန်းကျင်လောက်တွင် ၂၀၁၅ ဒီဇင်ဘာလ ၂၉ ရက်နေ့ ပြဋ္ဌာန်းခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်း ဥပဒေနှင့်အညီ ကျောက်ထုတ်လုပ်မှု EIA အစီရင်ခံစာ၊ စက်ရုံလည်ပတ်မှု EIA အစီရင်ခံစာ၊ ကျောက်မီးသွေးဖြင့် လျှပ်စစ်ထုတ်လုပ်မှု EIA အစီရင်ခံစာနှင် ကနဦးပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း IEE အစီရင်ခံစာတို့ဖြင့် ၄ အုပ်ခွဲထုတ်ကာ ပြန်လည်ရေးဆွဲတင်ပြရန် ညွှန်ကြားခဲ့ကြောင်း REN အဖွဲ့ဝင် ဒေါ်ခင်ဥမ္မာထွေး ထံမှသိရသည်။

၂၀၁၃ ခုနှစ်တွင် ဆန်းစစ်ထုတ်ပြန်ခဲ့သော MCL အစီရင်ခံစာကို ခေါင်းစဉ် ၄ မျိုးဖြင့် ပြန်လည်ခွဲထုတ်ကာ ၂၀၁၇ မေလတွင် ထပ်မံတင်ပြခြင်းဖြစ်သည့်အတွက် လက်ရှိသဘာဝပတ်ဝန်းကျင်အနေအထားနှင့် အချိန်ကာကွဲလွဲနေသောကြောင့် အစီရင်ခံစာအား လက်မခံနိုင်ကြောင်း ဒေသခံတို့က ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts