Homeသတင်းငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တရားဝင်ဆွေးနွေးရန် ဩဂုတ်လ ၅ ရက်နောက်ပိုင်းသို့ချိန်းဆို

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တရားဝင်ဆွေးနွေးရန် ဩဂုတ်လ ၅ ရက်နောက်ပိုင်းသို့ချိန်းဆို

-

အစိုးရငြိမ်းချမ်းရေးကော်မရှင် Peace Commission ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ပဉ္စမအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးရန် လာမည့်ဩဂုတ်လ ၅ ရက်နေ့ နောက်ပိုင်းသို့ ချိန်းဆိုထားကြောင်း သိရသည်။

DPN ဒုခေါင်းဆောင် နိုင်အောင်မငေးက “ဒီနေ့အလွတ်သဘော ဆွေးနွေးမှုမှာ တရားဝင်တွေ့ဆုံဆွေးနွေးဖို့ ပဏာမရက်တွေ ကြိုတင်ညှိနှိုင်းထားတာပေါ့၊ နီးလာတဲ့အခါကျမှ ရက်ချိန်းအတိအကျသိရမယ်၊ ပြည်တွင်းမှာပဲလုပ်မှာပါ” ဟု ပြောသည်။

နိုင်အောင်မငေး၊ ဦးလှမောင်ရွှေ နှင့် ဒေါက်တာမင်းဇော်ဦး(NMG)
ယင်းသို့ တရားဝင်တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ ခေါင်းဆောင်သောမြန်မာအစိုးရကိုယ်စားလှယ်နှင့် နိုင်အောင်မငေး ဦးဆောင်သည့် DPN ကိုယ်စားလှယ်တို့ပါဝင်သော အလွတ်သဘောအကြိုညှိနှိုင်းအစည်းအဝေးတရပ်ကို ဇူလိုင်လ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

“နှစ်ဖက်စလုံးသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်တဲ့အထိ ဒီလိုအလွတ်သဘောတွေ့ဆုံကြပြီး နည်းလမ်းတွေရှာဖွေကြတာဟာ တော်တော်လေးအထောက်အကူဖြစ်စေပါတယ်၊ လက်မှတ်ထိုးပြီးမှ လိုအပ်တာတွေပြင်ဖို့ဆိုတာ လက်တွေ့မှာ မလွယ်ကူလှပါဘူး” ဟု နိုင်အောင်မငေးက ဆိုသည်။

DPN နှင့်ဆွေးနွေးမှုများ အဆင်ပြေပါက NCA လက်မှတ်ထိုးကြမည်ဖြစ်ကြောင်း၊ ထိုသို့ NCA လက်မှတ်ရေးထိုးရာတွင် UNFC အနေဖြင့် လက်မှတ်ထိုးမည်မဟုတ်ဘဲ တစ်ဖွဲ့ချင်းစီအလိုက် လက်မှတ်ရေးထိုးရမည်ဟု မွန်သတင်းအေဂျင်စီနှင့် တွေ့ဆုံမေးမြန်းချက်တရပ်တွင် ဦးလှမောင်ရွှေက ပြောသည်။

ဦးလှမောင်ရွှေက “အခုကျနော်တို့ DPN နဲ့ လက်ရှိ ရှစ်ချက်(စုစုပေါင်း ၉ ချက်) ကို အမြန်ကျော်လွှားပြီး NCA ကိုလက်မှတ်ထိုးနိုင်ဖို့ နည်းလမ်း ရှာဖွေဖို့ပါ။ အဆုံးအဖြတ်ကတော့ သက်ဆိုင်ရာလူကြီးတွေ တွေ့ဆုံပြီးတော့ ဆုံးဖြတ်မှာပေါ့” ဟု ဆိုသည်။
အစိုးရငြိမ်းချမ်းရေးကော်မရှင် PC နှင့် DPN တို့ ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ စတုတ္ထအကြိမ်အစည်းအဝေးတွင် UNFC ၏ အဆိုပြုချက် (၉) ချက်အပေါ် မူအားဖြင့် သဘောတူညီခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်အား UNFC အဆိုပြုချက် ၉ ချက်တွင် အစိုးရနှင့်တပ်မတော်က တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာရန်၊ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊ အစိုးရ၊လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီများကိုယ်စားလှယ်များပါဝင်သော သုံးပွင့်ဆိုင်ဆွေးနွေးရေးနှင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီလုပ်ငန်းများတွင် နိုင်ငံတကာကိုယ်စားလှယ်များပါဝင်ရန် စသည့်အချက်များပါဝင်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts