မွန်အမျိုးသားပါတီ MNP ပါတီတွင်း အိမ်ကြီးပေါ်အိမ်ငယ်ဆောက်ထားသဖြင့် သဘောထားများကွဲနေပြီး မိမိသည်လည်း ပါတီမှထုတ်ပယ်ခံလိုက်ရကြောင်း ရေးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ဇူလိုင်လ ၂၀ ရက်နေ့တွင် မွန်သတင်းအေဂျင်စီသို့ ဝေဖန်ပြောကြားလိုက်သည်။
ဒေါက်တာမင်းစိုးလင်းက “၂၀၁၂ မှာ ကျနော်တို့ပါတီကို အင်အားထပ်မံတိုးချဲ့လာတဲ့အခါမှာ ဂိုဏ်းဂဏမွေးတဲ့အုပ်စုတွေ ဝင်ရောက်လာတယ်၊ အဲဒီအင်အားစုတွေတိုးများလာတဲ့အခါမှာ အိမ်ကြီးပေါ် အိမ်ငယ်ဆောက်တဲ့အဖြစ်မျိုး အင်္ဂလိပ်လိုပြောရင် Fiction ဖြစ်တာပေါ့၊ အဲလို ကျနော့်ကိုယ်တွေ့ကြုံလာရတယ်” ဟု ပြောသည်။
ဒေါက်တာမင်းစိုးလင်းသည် ပါတီအမည်နာမများပြောင်းလဲလာခဲ့သည့် မွန်အမျိုးသားပါတီ(ဝါ) မွန်ဒီမိုကရေစီပါတီ MDP (ဝါ) မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF စတင်တည်ထောင်သည့် ၁၉၈၈ ခုနှစ်အောက်တိုဘာလ ၁၁ ရက်နေ့မှ ၂၀၁၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းအထိ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
“ MDP မဖွဲ့ခင်အထိ ကျနော်တို့ပါတီဟာ မိသားစု Family တစ်ခုလိုပါပဲ၊ ပါတီဝင်တစ်ဦးနဲ့တစ်ဦး သိပ်ပြီးချစ်ကြည်ရင်းနှီးကြတယ်၊ ငွေတွေကုန်လိုက်ကြတာ သမြောတွန့်တိုရမှန်းလည်း မသိခဲ့ပါဘူး၊ မိမိအလုပ်စီးပွားတွေအပျက်ခံပြီး ပါတီအတွက်အချိန်ပေးနိုင်ခဲ့တယ်၊ ဒီနောက်ပိုင်းမှာ ပါတီအင်အားတိုးချဲ့လိုက်တော့ အရင်လိုမဟုတ်တော့ဘူး” ဟု ဒေါက်တာမင်းစိုးလင်းက ဆက်ပြောသည်။
ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အခန်း (၁၀) အပိုဒ် (၂၀) အပိုဒ်ခွဲ(ဂ) အရ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမင်းစိုးလင်းအား မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ပါတီဝင်အဖြစ်မှရပ်စဲကြောင်း ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့စွဲ၊ ကြေညာချက်အမှတ် ၁/၂၀၁၇ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။
မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “ပါတီနဲ့အဆက်အသွယ်ပြတ်နေတာ တစ်နှစ်ကျော်ပြီ အချို့ဆိုရင် ၂ နှစ်ပြည့်နေပြီ၊ ပါတီလုပ်ငန်းတွေကို ဆောင်ရွက်နေတာမရှိဘူး၊ အနိမ့်ဆုံးအဆင့်ပြောရင် အစည်းအဝေးတွေကို လာမတက်ဘူး၊ ဗဟိုကော်မတီဆုံးဖြတ်ချက်အရ အဲလိုအဆက်ပြတ်နေတဲ့ပါတီဝင်တွေကို ပါတီတာဝန် ဆက်လက်ထမ်းဆောင်လိုချင်းရှိမရှိ စာနဲ့မေးမြန်းပြီး အကြောင်းပြန်ကြားဖို့ အချိန် ၂ လသတ်မှတ်ပေးခဲ့တယ်၊ ဘယ်သူမှလည်း အကြောင်းပြန်ကြားခဲ့တာမရှိဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် သတ်မှတ်ချိန် ၂ လပြည့်သည်အထိ မည်သူတစ်ဦးတစ်ယောက်မှ ပြန်လည်အကြောင်းပြန်ကြားခြင်းမရှိကြောင်း၊ ထို့ကြောင့် အလိုလိုနုတ်ထွက်သည်ဟုယူဆသဖြင့် ဗဟိုအလုပ်အမှုဆောင်၏ဆုံးဖြတ်ချက်အရ ပါတီဝင်အဖြစ်မှရပ်စဲလိုက်သည်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ ဒေါက်တာမင်းစိုးလင်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် အများပြည်သူသိရှိနိုင်ရန် ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း နိုင်လယီတမက ဆက်ပြောသည်။
အလားတူ မွန်အမျိုးသားပါတီ ဒုဥက္ကဌဟောင်း နိုင်သက်လွင်(လက်ရှိ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး) ပါတီမှနုတ်ထွက်ခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဟောင်း နိုင်မွန်ရာဇာ(ခ) မင်းစိုးဝင်း ကိုလည်း ပြီးခဲ့သည့်ဒီဇင်ဘာလတွင် ပါတီမှထုတ်ပယ်ခဲ့သည်ကို တွေ့ရှိရသည်။
မွန်အမျိုးသားပါတီဥက္ကဌ နိုင်ငွေသိမ်း၏ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း နုတ်ထွက်စာတစ်စောင်ပေးပို့ရာတွင် “မိမိအနေဖြင့် ပါတီမပြိုကွဲရေးအတွက် တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း မိမိအားတာဝန်ပေးအပ်သောပုဂ္ဂိုလ်များသည် ပါတီရှင်သန်ရေးအတွက် ဆန့်ကျင်လျက်လုပ်ဆောင်နေသည်ကို တွေ့ရှိနေရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပါတ်မှနုတ်ထွက်ရန်အကြိမ်ကြိမ်ကြိုးစားသော်လည်း ပါတီထိန်းသိမ်းပေးရန်၊ ဆက်လက်နေထိုင်ရန်တိုက်တွန်းသဖြင့် ပါတီတွင် နေထိုင်တာဝန်ထမ်းခဲ့ကြောင်း၊ ယနေ့အချိန်တွင် အသက်လည်းကြီး၊ ဇရာဖိစီး အမြင်အာရုံလည်းမကောင်းတော့ပါကြောင်း၊ မိမိအမြင်အာရုံမကောင်းခဲ့သည်ကို အခွင့်ကောင်းယူ၍ မိမိအားရုပ်ပြအကြောင်းပြု၍ ပါတီတွင်းဝင်ရောက်ခြယ်လှယ်မှုများကို တွေ့ရပါကြောင်း” ဟု ဝေဖန်ရေးသားချက်ကိုလည်း မွန်သတင်းအေဂျင်စီက လက်ခံရရှိခဲ့သည်။
မွန်အမျိုးသားပါတီ ပထမအကြိမ်ညီလာခံ(၂၀၁၅ ခုနှစ်)မှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် (၃၁) ဦးနှင့် ဗဟိုကော်မတီဝင် (၉၁) ဦးတို့ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ရာ လက်ရှိတွင် ဗဟိုအလုပ်မှုဆောင် (၂၇) ဦးနှင့် ဗဟိုကော်မတီဝင် (၇၈) ဦး ကျန်ရှိနေကြောင်း၊ ပါတီဝင်အင်အား ၇ သောင်းကျော်ခန့်ရှိကြောင်း သိရသည်။
အဆိုပါ မွန်အမျိုးသားပါတီ ပထမအကြိမ်ညီလာခံမကျင်းပမီကာလများတွင် ဥက္ကဌ/ဒုဥက္ကဌများအဖြစ် နိုင်ထွန်းသိန်း(ကွယ်လွန်)၊ နိုင်ငွေသိမ်း၊ နိုင်သက်လွင်၊ အတွင်းရေးမှူးအဖွဲ့တွင် ဒေါက်တာမင်းစိုးလင်း၊ ဒေါက်တာမင်းကြည်ဝင်းနှင့် နိုင်မွန်ရာဇာတို့ ၂၇ နှစ်ကြာ ဦးဆောင်တာဝန်ယူခဲ့ခြင်း ဖြစ်သည်။