Homeသတင်းNBF သဘောထားထုတ်ပြန်ချက် (၅) ချက်ဖြင့် အစိုးရအားတိုက်တွန်း

NBF သဘောထားထုတ်ပြန်ချက် (၅) ချက်ဖြင့် အစိုးရအားတိုက်တွန်း

-

တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း (Nationalities Brotherhood Federation- NBF) ၏ (၂၈) ကြိမ်မြောက် အစည်းအဝေးကို မေလ ၁၆-၁၇ ရက်နေ့က ကျင်းပခဲ့ပြီးနောက် သဘောထားထုတ်ပြန်ချက် (၅) ချက်ဖြင့် အစိုးရအား တိုက်တွန်းထားကြောင်း NBF ဒါရိုက်တာချင်းချင်း ကမွန်သတင်းအေဂျင်စီသို့ ပြောသည်။

သူက “ ဒီ (၂၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ သဘောထား ထုတ်ပြန်ချက် (၅) ချက်နဲ့ အစိုးရကို တိုက်တွန်းထားတယ်ပေါ့နော်၊ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မရ သေးတဲ့ ဒေသတွေမှာ ကျင်းပခွင့်ရရှိဖို့ရယ်၊ အစိုးရအနေနဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့ နေရာမှာ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လုပ်ဆောင်သွားဖို့ တိုက်တွန်းထားတယ်” ဟုပြောသည်။

NBF၏ (၂၈) ကြိမ်မြောက် အစည်းအဝေး(MNA)

ပါတီ ၁၈ ခုမှ ကိုယ်စားလှယ် ၄၂ ဦးတို့ဖြင့် ရန်ကုန်မြို့ Orchid Hotel တွင် NBF ၏ ပုံမှန်အစည်းအဝေးကို နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး အစိုးရအား ယင်းသို့ တိုက်တွန်း ခဲ့ခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်ဖော်ပြချက်အရ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်မရသေးသည့် တိုင်းရင်းသားလူမျိုးများကို ၄င်းတို့၏ဆန္ဒနှင့်အညီ သင့်လျော်သော ဒေသများတွင် ကျင်းပခွင့်ပေးရန်နှင့် ကျင်းပခွင့်မရသေးသည့် တိုင်းရင်းသားများ၏ သဘောထား ဆန္ဒများအား လျစ်လျူရှုခြင်း မပြုရန်၊ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သင့်မြတ်မှန်ကန်မျှတ သော သဘောထားအပေါ် အခြေပြုဆောင်ရွက်ရန် စသည့်အချက်များဖြင့် တိုက်တွန်းထားသည်။

ထို့အပြင် နိုင်ငံတော်မှ ဆောင်ရွက်ဆဲစီမံကိန်းကြီးများနှင့် နောင်ဆောင်ရွက်မည့် မည်သည့်စီမံကိန်းမဆို ဒေသခံ တိုင်းရင်းသားများ၏ အကျိုးစီးပွားနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု မရှိစေဘဲ ၄င်းတို့၏ သဘောထားများ ရယူ၍ ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန် အချက်လည်း ပါဝင်ခဲ့သည်ကို တွေ့ရှိရသည်။
အမျိုးသမီးပါတီ (မွန်) ဥက္ကဌ မိသန်းရှင်က “ ဒီအစည်းအဝေးပွဲမှာ ဆွေးနွေးသွားတာကတော့ ကုန်ဈေးနှုန်းမြင့်တဲ့အတွက် တိုင်းရင်းသားတစ်ရပ်လုံးကြုံတွေ့နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေ၊ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ ကျန်ရှိနေသေးတဲ့ ဒေသတွေမှာ ကျင်းပခွင့်ရရှိအောင် ဆွေးနွေးခဲ့ကြတယ်” ဟုပြောသည်။

NBF သည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသမီးပါတီ (မွန်)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီ အပါအဝင် တိုင်းရင်းသားပါတီ (၂၄) ခုဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသားဒေသများ တွင် အခါအားလျော်စွာ အလှည့်ကျအစည်းအဝေးပွဲများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts