Homeသတင်းတိုင်းရင်းသားပြည်နယ်များ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးပြဿနာ

တိုင်းရင်းသားပြည်နယ်များ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးပြဿနာ

-

ပြီးခဲ့သည့်ရက်ပိုင်းက ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC မှ တိုင်းရင်းသားပြည်နယ်များအသီးသီးတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်နိုင်ခဲ့ပြီး လာမည့် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုကြမည်ဟု ဆိုသည်။

တိုင်းရင်းသားပြည်နယ်များအသီးသီးတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးမှာ အလွန်သင့်မြတ်လျော်ကန်သည့် ဆုံးဖြတ်ချက်ပင်ဖြစ်ပါသည်။ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမည်ဆိုပါက သက်ဆိုင်ရာပြည်နယ်အသီးသီးတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် မရှိမဖြစ်လိုအပ်နေပေသည်။

UPDJC အစည်းအဝေး (UPDJC)

သက်ဆိုင်ရာပြည်နယ်များတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့်အာဏာသုံးရပ်အပြင် စီးပွားရေးနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စသည့်မူဝါဒများလည်း အရေးကြီးလှပေသည်။

သို့ရာတွင် ယခုရေးဆွဲမည့် ပြည်နယ်များ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် မည်သည့်အခြေခံမူများအပေါ် အခြေခံပါသနည်း။ မည်သည့်နိုင်ငံ၏ဖက်ဒရယ်စနစ်ကိုအခြေခံပြီး မည်သူတို့က မည်ကဲ့သို့ရေးဆွဲ အတည်ပြုကြမည်နည်းဆိုသည်ကို မေးခွန်းမေးစရာဖြစ်လာပါသည်။

ထို့အတူ တပ်မတော်သားကိုယ်စားလှယ် ၂၅% ပါဝင်နေသော လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမဥပဒေကို တိုင်းရင်းသားများနှင့် ပြည်သူလူထုအများလက်ခံနိုင်သည်အထိ ပြန်လည်ပြင်ဆင်ခြင်းမပြုဘဲ ပြည်နယ်အသီးသီးတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထပ်မံရေးဆွဲအတည်ပြုခြင်း မပြုသင့်ပေ။

တန်းတူရေးကိုအခြေခံသော ဖက်ဒရယ်စနစ်ဖြင့် တိုင်းရင်းသားပြည်နယ်အသီးသီးတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲမည်ဆိုပါက ဗမာတိုင်းရင်းသားအတွက် ပြည်နယ်မလိုအပ်ပါသလော သို့တည်းမဟုတ် မည်သည့်နေရာတွင် သတ်မှတ်မည်ကို ကနဦး ရှင်းရှင်းလင်းသိရှိရန်လိုအပ်ပါသည်။

တနည်းအားဖြင့်ဆိုရသော် တိုင်းပြည်၏အမြင့်ဆုံး အချုပ်အချာအာဏာ Sovereignty Power ကို သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်အသီးသီးတို့အား ခွဲဝေကျင့်သုံးခွင့်ပြုမည်လော၊ တိုင်းရင်းသားတို့၏ မိမိကြမ္မာ မိမိတို့ဖန်တီးခွင့်ရှိသည့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုပါက (၁) ဥပဒေပြုအာဏာ Legislative Power (၂) အုပ်ချုပ်ရေးအာဏာ Administrative Power (၃) တရားစီရင်ရေးအာဏာ Judicial Power စသည့် မဏ္ဍိုင် ၃ ရပ်နှင့်အတူ စတုတ္တမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာကဏ္ဍကိုလည်း ဖွံ့ဖြိုးစေသင့်သည်။

အချုပ်ဆိုရသော် လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မပြင်ဆင်ဘဲ ၄င်းဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ပြည်နယ်များ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးဆွဲအတည်ပြုမည်ဆိုပါက တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးကိုထိုခိုက်စေနိုင်သလို လက်ရှိပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုတွင် အခက်အခဲများစွာ ရင်ဆိုင်ဖြေရှင်းနေရဦးမည်ဟု မွန်သတင်းအေဂျင်စီက ရှုမြင်မိပါကြောင်း။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts