Homeသတင်းကချင် KIO နှင့် ရှမ်း SSPP တို့ UNFC တွင်ဆက်လက်တည်ရှိ

ကချင် KIO နှင့် ရှမ်း SSPP တို့ UNFC တွင်ဆက်လက်တည်ရှိ

-

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့သည် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဦးဆောင်သော “နိုင်ငံရေးဆွေးနွေးမှုကော်မတီ” တွင်ပါဝင်နေသော်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရသည်။

UNFC ဒုဥက္ကဌနိုင်ဟံသာက“ စစ်ရေးလိုအပ်ချက်အရ မြောက်ပိုင်းမဟာမိတ်တွေမှာ သူတို့ပေါင်းလိုက်ရပေမယ့် နိုင်ငံရေးအရ UNFC မှာဆက်လက်ပါဝင်နေပါတယ်၊ NCA ဆွေးနွေးတဲ့လမ်းကြောင်းကို သူတို့လက်ခံပါတယ်၊ သူတို့ UNFC ကနေနုတ်ထွက်တာမဟုတ်ပါဘူး” ဟု ပြောသည်။

UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေး(NMG)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဧပြီလ ၃ ရက်နေ့က ကျင်းပသော UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေးပထမနေ့တွင် သတင်းထောက်များကို UNFC ဒုဥက္ကဌ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

“မူအားဖြင့်သဘောတူတဲ့ ၉ ချက်ကို ပိုခိုင်မာအောင်ပေါ့၊ အဲဒီ ၉ ချက်ကို အရင်က NCA မူနဲ့ပေါင်းပြီး ရှေ့ဆက်သွားနိုင်ဖို့ နားလည်မှုတွေရပါတယ်” ဟု သူက ဆက်ပြောသည်။

UNFC ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်နှင့်-DPN အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ UNFC အဆိုပြုထားသည့် အချက် ၉ ချက်ကို မူအားဖြင့် သဘောတူကြောင်း ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ ပါဝင်နိုင်ရေး နှစ်ဘက်ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစုပင်လုံ အစည်းအဝေးသို့ ပါဝင် တက်ရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါကြောင်း ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation) စတုတ္ထအကြိမ်အစည်းအဝေး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့နှင့် စတင်ဖွဲ့စည်းခဲ့သည့် UNFC တွင် ကရင် KNU, ချင်း CNF, ပအိုဝ်PNLO စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနုတ်ထွက်၍ NCA လက်မှတ်ရေးထိုးခဲ့ပြီးနောက် လက်ရှိတွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) စသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ပါဝင်လျက်ရှိသည်။

သို့ရာတွင် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမည့် လမ်းကြောင်းကိုလက်မခံသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဦးဆောင်သော “နိုင်ငံရေးဆွေးနွေးမှုကော်မတီ” တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် KIO နှင့် SSPP အဖွဲ့တို့ပူးပေါင်းပါဝင်နေကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts