Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးကျိုက်ထီးရိုးတောင်ပေါ်က လိုင်စင်မဲ့ ရိုးရိုးလေးဟိုတယ်အခန်းပိုများကို စတင်ဖယ်ရှား

ကျိုက်ထီးရိုးတောင်ပေါ်က လိုင်စင်မဲ့ ရိုးရိုးလေးဟိုတယ်အခန်းပိုများကို စတင်ဖယ်ရှား

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတောင်ပေါ်ရှိ လိုင်စင်မဲ့ ရိုးရိုးလေးဟိုတယ် ပေ ၃၀ အထက်ရှိ အခန်းပို ၁၀၆ ခန်းကို စတင်ဖယ်ရှားနေပြီဖြစ်ကြောင်း ရိုးရိုးလေးဟိုတယ်မန်နေဂျာ ဦးရဲဝင်းထံမှ သိရသည်။

ရိုးရိုးလေးဟိုတယ်သည် အိပ်ခန်း ၂၄၁ ခန်းထိ တိုးချဲ့ထားပြီး ဟိုတယ်အားလိုင်စင် ခွင့်ပြုထားသော အိပ်ခန်းများထက် ၁၀၆ ခန်း ပိုမိုဖွင့်လှစ်ထားသည့်အပြင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ ခွင့်ပြုချက် ရယူခဲ့ခြင်းမရှိဘဲ အန္တရာယ်ရှိနိုင်သည့်အထပ်မြင့် အဆောက်အဦးများ တိုးချဲ့တည်ဆောက်ထားခြင်းဖြစ်သည်။

ရိုးရိုးလေးဟိုတယ်အခန်းပိုများဖယ်ရှားနေစဉ်(Facebook)

“ပေ ၃၀ အထက်မှာရှိတဲ့အဆောင်ကို ဖျက်နေတာပါ၊ ပြည်ထောင်စုဝန်ကြီးရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဥပဒေနဲ့အညီ ကျနော်တို့ ဖျက်သိမ်းလိုက်တာပါ” ဟု ၄င်းက ပြောသည်။

လိုင်စင်မဲ့ တိုးချဲ့တည်ဆောက်ထားသည့် အခန်းပိုများနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တစ်လအတွင်း ဖျက်သိမ်းရန် ညွှန်ကြားထားသော်လည်း ရိုးရိုးလေးဟိုတယ်အနေဖြင့် လိုက်နာခဲ့ခြင်းမရှိပေ။

ထိုကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ရိုးရိုးလေးဟိုတယ်ကို သြဂုတ်လ ၁၁ ရက်နေ့ကစပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ ပုဒ်မ ၁၉(က) အရ လိုင်စင်စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်သည့်အတွက် လုပ်ငန်းလိုင်စင် ပယ်ဖျက်ခဲ့သည်။

သို့သော်လည်း ရိုးရိုးလေးဟိုတယ်သည် ဘုရားဖူးရာသီအတွက် ကြိုတင်ရောင်းချထားသည့် ခရီးစဉ်များရှိခြင်းကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားများ အခက်အခဲမဖြစ်ရအောင် သက်ညှာသည့်အနေဖြင့် လုပ်ပိုင်ခွင့် ၆ လ ဆက်လက်ပေးထားခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရိုးရိုးလေးဟိုတယ်လုပ်ငန်းလိုင်စင်မဲ့ အခန်း ၁၀၆ ခန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချမှတ်ထားသည့် ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သဘောထားရပ်တည်ချက် ပြောင်းလဲမှုမရှိကြောင်း ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း ထပ်မံထုတ်ပြန်ထားသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ နှစ်စဉ်နှစ်တိုင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်ပေါင်း ၂ သန်းကျော် လာရောက်လည်ပတ်လေ့ရှိပြီး တောင်ပေါ်တွင် ရိုးရိုးလေး ဟိုတယ်၊ ကျိုက်ထိုဟိုတယ်နှင့် Mountain Topဟိုတယ်၊ ရသေ့ တောင်တွင် Golden Rock ဟိုတယ်တို့ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts