Wednesday, May 13, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်-မြဝတီမြို့ မဟာဓါတ်အားလိုင်းဖြတ်သန်းနေရာဆုံးရှုံးမှုများ လျော်ကြေးပေးမည်ဟုပြော

    မော်လမြိုင်-မြဝတီမြို့ မဟာဓါတ်အားလိုင်းဖြတ်သန်းနေရာဆုံးရှုံးမှုများ လျော်ကြေးပေးမည်ဟုပြော

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ကရင်ပြည်နယ် မြဝတီမြို့သို့ 230 KV မဟာဓာတ်အားလိုင်း ဖြတ်သန်းသွားမည့်နေရာများတွင် ဆုံးရှုံးခံရသော မြေယာများနှင့် ရာဘာပင်များအတွက် လျော်ကြေးပေးမည်ဟု ကရင်ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစိုးလှိုင်က မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    ဓါတ်အားတိုင်စိုက်ထူခြင်းနှင့် ဓါတ်အားလိုင်းသွယ်တန်းရာတွင် ထိခိုက်နစ်နာသွားသော မြေယာနှင့် ရာဘာပင်များအတွက် မွန်ပြည်နယ်အစိုးရမှ ဦးဆောင်ကာ စိစစ်ရေးကော်မတီတစ်ရပ်ဖွဲ့စည်း၍ ကွင်းဆင်းလေ့လာပြီး လျော်ကြေးသတ်မှတ်ကာ သက်ဆိုင်ရာသို့ အဆင့်အဆင့်တင်ပြရမည်ဟု သိရသည်။

    မဟာဓါတ်အားလိုင်းဖြတ်သန်းမည့် ရာဘာခြံတစ်ခြံ(MNA)

    ဦးစိုးလှိုင်က “အခုကျနော်တို့ စာရင်းကောက်ထားတာက မြေပိုင်ရှင်စာရင်းနှင့် ဆုံးရှုံးသွားတဲ့အပင်များစာရင်းတွေပါ၊ ဒီစာရင်းကို ပြည်ထောင်စုအဆင့်သို့ တင်ပြပြီးပြီ၊ ပျက်စီးဆုံးရှုံးခံရသောဒေသခံများကိုလည်း ဘာပဲပြောပြော လျော်ကြေးပေးဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်”ဟု ဆိုသည်။

    ၂၀၁၇-၁၈ ခုနှစ်အတွင်းအပြီးသတ်စိုက်ထူမည့်အဆိုပါဓါတ်အားလိုင်းတွင် မွန်ပြည်နယ်၌ ၅၂ တိုင်၊ ကရင်ပြည်နယ်၌ ၁၆၂ တိုင် စုစုပေါင်းဓါတ်တိုင် ၂၁၄ တိုင်ရှိပြီး အခု ၄၀% ခန့် စိုက်ထူပြီးကြောင်း သူကဆက်ပြောသည်။

    မော်လမြိုင်မြို့မှ မြဝတီမြို့သို့ သွယ်သန်းလျက်ရှိသောသော 230 KV မဟာဓာတ်အားလိုင်း အကွာအဝေးသည် ၅၅ မိုင်ခွဲခန့်ရှိပြီး ကုမ္ပနီ (၅) ခုမှ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ပူပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

    မွန်ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးသက်ပိုင်မျိုးက “နစ်နာသွားတဲ့ မြေယာနှင့် အပင်များအတွက် နိုင်ငံတော်အစိုးရမှ ဘတ်ဂျက်လျာထားပြီးဖြစ်တယ်။ လျော်ကြေးကို သတ်မှတ်ထားသည့်နှုန်းအတိုင်းပဲ ပေးမယ်၊ ဒါပေမယ့် နိုင်ငံတော်ဘတ်ဂျက်ဖြစ်နေတယ်ဆိုတော့ ချက်ချင်းတော့ ထုတ်ယူလို့မရသေးဘူးပေါ့၊ အချိန်တစ်ခုအထိတော့ စောင့်ရပါလိမ့်မယ်” ဟု ဆိုသည်။

    မွန်ပြည်နယ်အတွင်း ဓာတ်အားလိုင်း စိုက်ထူခြင်းကြောင့် နစ်နာခဲ့သော မြေယာများနှင့် အပင်များအတွက် နိုင်ငံတော် အစိုးရမှ လျော်ကြေးငွေ (၂) ကြိမ်ပေးခဲ့ပြီး ဒုတိယအကြိမ် လျော်ပေးရာတွင် ရာဘာပင်များအတွက် လျော်ကြေးငွေ (၁,၇၇၀,ဝ၀ဝ) ကျပ်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မင်းရွာမှ ရာဘာခြံပိုင်ရှင်များအသင်းခေါင်းဆောင် နိုင်ထွန်းက “ဒီမှာ သူတို့ပြောလာနေတာက တစ်ပင်လျှင် နှစ်သောင်း သုံးသောင်းကျပ် ပေးမယ်၊ တစ်ချို့နေရာမှာ ခြိမ်းခြောက်မှုလည်း ရှိတယ်။ ခြံပိုင်ရှင်တွေက ကြောက်ကြောက်နဲ့ လက်ခံရတာလည်းရှိခဲ့တယ်”ဟု ဆိုသည်။

    ယင်းသို့ ဓာတ်အားလိုင်းစိုက်ရာတွင် အပင်ခုတ်လှဲခံရသည့်မင်းရွာမှ ရာဘာခြံပိုင်ရှင် (၆၀) ကျော်တို့က နစ်နာခဲ့သော အပင် (၂၀,၂၀၇) အတွက် တစ်ပင်လျင် ကျပ်ငွေ (၂) သိန်း လျော်ကြေးတောင်းထားကြောင်း ၎င်းကဆက်ပြောသည်။

    အဆိုပါ မင်းရွာဒေသခံများသည် ၎င်းတို့၏နစ်နာကြေးကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရထံသို့လည်းကောင်း၊၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၇) နေ့တွင် မွန်ပြည်နယ် အစိုးရထံသို့လည်ကောင်း လျော်ကြေးငွေ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks