Homeသတင်းတိုင်းရင်းသားများလိုချင်သည့်ဖယ်ဒရယ်နှင့် တပ်မတော်မှပေးနိုင်သည့် ဖယ်ဒရယ်ကွဲလွဲနေဟု BNI ပြော

တိုင်းရင်းသားများလိုချင်သည့်ဖယ်ဒရယ်နှင့် တပ်မတော်မှပေးနိုင်သည့် ဖယ်ဒရယ်ကွဲလွဲနေဟု BNI ပြော

-

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် အစိုးရ၊တပ်မတော်တို့ ငြိမ်းချမ်းရေးဆွေးနွေးကာ ဖယ်ဒရယ်နိုင်ငံ အဖြစ် တည်ဆောက်သွားနိုင်ရေးကြိုးစားနေရာ တိုင်းရင်းသားများလိုချင်သည့် ဖယ်ဒရယ်ပုံစံနှင့် တပ်မတော်မှ ပေးနိုင်သည့် ဖယ်ဒရယ် ကွဲလွဲနေသည်ဟု နိုင်ငံတကာမြန်မာသတင်း BNI ၏စီမံခန့်ခွဲရေးဒါရိုက်တာ နိုင်ကဆော့မွန်က ပြောသည်။

ဇန်နဝါရီ ၂၇ ရက်က ရန်ကုန်မြို့ရှိ City Star Hotel တွင် ပြုလုပ်ခဲ့သော မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွန်အကိုးအကား ၂၀၁၆ စာအုပ် မိတ်ဆက်ပွဲတွင် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွန်အကိုးအကား ၂၀၁၆ စာအုပ် မိတ်ဆက်ပွဲ(MNA)
“ ၂၀၁၆ ပင်လုံမှာ ဖယ်ဒရယ်ကွဲလွဲမှုတွေ ပြိုင်ပြိုင်ကြီး ပေါ်လာခဲ့တယ်။ပြည်ထောင်စုကြံ့ခိုင်ရေးပါတီဘက်က ၂၀ဝ၈ ဖွဲ့စည်းပုံရဲ့ ဖယ်ဒရယ်ကို ပြောတယ်။ ဒါနဲ့ ဖယ်ဒရယ်သွားလိုတယ်။ တပ်မတော်ဘက်ကလည်း ၂၀ဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေက ဖယ်ဒရယ်စနစ်ကို သွားနေတယ်။တိုင်းရင်းသားတွေဘက်ကလည်း အာဏာ ခွဲဝေရေး ဖယ်ဒရယ်ပုံစံနဲ့ သွားလိုတယ်။အဲဒီမှာ ဖယ်ဒရယ်ပုံစံ ကွဲလွဲမှုက ပြိုင်ပြိုင်ကြီး ပေါ်လာတယ်။တိုင်းရင်းသားတွေ ဘက်မှာ သူတို့ ဖြစ်စေချင်တဲ့ ဖယ်ဒရယ်ပုံစံကို ရေးဆွဲထားပြီးသား အသင့်ဖြစ်နေတယ်”ဟု နိုင်ကဆော့မွန်က ပြောသည်။

အစိုးရ၊တပ်မတော်၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့သည် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်နှင့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး အားလုံးက ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားရန် မူအားဖြင့် လက်ခံထားကြပြီးဖြစ်သည်။

သို့သော် မည်သည့် ဖယ်ဒရယ်ပုံစံဖြင့် သွားမည်ကို ညှိနှိုင်းမရသေးဘဲ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်း ဖြင့် ဆက်လက် အဖြေရှာနေကြပြီး ၂၁ ရာစု ပင်လုံညီလာခံကို ဒုတိယအကြိမ် ထပ်မံကျင်းပကာ ဖယ်ဒရယ် ပုံစံအား ရှာဖွေသွားရန် အားလုံးက ပြင်ဆင်နေကြသည်။

အဆိုပါ ဖယ်ဒရယ်ပုံစံနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က ၂၀ဝ၅ ခုနှစ်တွင် ရေးဆွဲ ထားသော ဖယ်ဒရယ်ဥပဒေမူကြမ်း၌ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင်မပါမဖြစ်သည့် အခြေခံမူ ၈ ချက်ကို တောင်းဆိုထားကြသည်။

ထို ၈ ချက်မှာ အချုပ်အခြာအာဏာ၊ တန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်၊ဖယ်ဒရယ်ပြည်ထောင်စုမှုများ၊တိုင်းရင်း သား လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ ဒီမိုကရေစီအခွင့်အရေး၊အခြေခံလူ့အခွင့်အရေးနှင့် ကျား-မ ဆိုင်ရာ တန်းတူညီမျှမှု၊ ပါတီစုံ ဒီမိုကရေစီ၊ဘာသာရေးကို အခြေမခံသောနိုင်ငံ စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။

BNI သည် တိုင်းရင်းသားသတင်းဌာန ၁၃ ခုဖြင့် စုစည်းကာ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးအတွင်း ဖြစ်ပွားနေသော လူမှုရေး၊စီးပွားရေး၊ကျန်းမာရေး၊ပညာရေး၊ပြည်တွင်းစစ်၊ သဘာဝ ဘေးအန္တရာယ် စသည့် အကြောင်းအရာများကို ရေးသား တင်ဆက်နေခြင်းဖြစ်သည်။

ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး စောင့်ကြည့်လေ့လာကာ ၂၀၁၃ ခုနှစ်မှစတင်၍ တစ်နှစ် တစ်ကြိမ် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း လမ်းညွန်အကိုးအကားစာအုပ်ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts