Homeသတင်းအနင်းကျေးရွာအနီးတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်ကြိုးပမ်း

အနင်းကျေးရွာအနီးတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်ကြိုးပမ်း

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာအနီးတွင် ၅၆၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်ကြိုးပမ်းလျက်ရှိကြောင်း Myanmar Lighting Co.,Ltd မှ သိရသည်။

ထိုသို့ စက်ရုံတည်ဆောက်ရန်အတွက် လက်ရှိတွင် လယ်မြေများ ဝယ်ယူနေလျက်ရှိပြီး အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ခန့် ရင်းနှီးမြှုပ်နှံ၍ ၃ နှစ်ခွဲခန့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း Myanmar Lighting Co.,Ltd မှ ဦးစိန်ဝမ်းက ဒီဇင်ဘာ ၁၆ ရက်နေ့တွင်ပြုလုပ်သော အနင်းကျေးရွာလျှပ်စစ်မီးလင်းရေးကော်မတီ၏ တင်ဒါရွေးချယ်သည့်အခမ်းအနားတွင် ပြောသည်။

Myanmar Lighting Co.,Ltd မှ ဦးစိန်ဝမ်း ရှင်းလင်းပြောကြားစဉ်(MNA)
Myanmar Lighting Co.,Ltd မှ ဦးစိန်ဝမ်း ရှင်းလင်းပြောကြားစဉ်(MNA)
“ကျွန်တော်စက်ရုံတည်ဖို့အတွက် မြေတွေဝယ်နေတယ်၊ အစိုးရနဲ့လည်းညှိနေတယ်၊ ကျွန်တော့်အတွက် ဘာမှ အထွေအထူးမပါဘူး၊ မရရင်လည်း ကျေးရွာအတွက်ကျွန်တော်လှူသွားမှာပဲ၊ ဒါက ကျွန်တော့်အမေရွာဖြစ်တယ်၊ မွန်ပြည်နယ်ကိုလည်း တိုးတက်စေချင်လို့လုပ်ရတာဖြစ်တယ်၊ ထောင်ပေါင်းများစွာ ဘဏ်မှာချေးပြီးတော့ လုပ်ရမှာ၊ ဘာမှမစိုက်ရဘဲနဲ့ မတိုးတက်ဘူး” ဟု ဦးစိန်ဝမ်းက ပြောသည်။

ဆက်လက်၍ ဦးစိန်ဝမ်းက ၄င်းကျေးရွာပတ်ဝန်းကျင်တွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံများကိုပါ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း၊ ရေနက်ဆိပ်ကမ်းအတွက် 2.2 ဘီလီယံခန့် ကုန်ကျမည်ဖြစ်ကြောင်း ဆက်ပြောသည်။

အဆိုပါဒေသပတ်ဝန်းကျင်တွင် ကိုယ်စားလှယ်ဆိုသူများက မြေယာများလိုက်ပါဝယ်ယူနေကြသည်မှာ ၅၀ဝ ဧကကျော်ပြီဖြစ်ကြောင်း လယ်မြေရောင်းချလိုက်သူ ပလိုင်မှူးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ပြောသည်။

“ဒီလိုမြေတွေလိုက်ဝယ်နေတာ လယ်ယာမြေကော်မတီဥက္ကဋ္ဌ လက်မှတ်မထိုးရသေးဘဲနဲ့ ဘာကြောင့်ဝယ်လို့ ရနေတာလဲ၊ EIA လုပ်ပြီးသွားပြီလား၊ ဒေသခံတွေအတွက် အန္တရာယ်က ကျောက်မီးသွေးသုံး တာနဲ့တင်မဟုတ်ဘူး ဘယ်ရင်းနှီးမြုပ်နှံမှုမဆို ရှိနေတာပဲ ” ဟု အခမ်းအနားတက်ရောက်သူ မင်းလဝီညာဏ်က ပြောသည်။

သို့ရာတွင် အဆိုပါ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို သဘာဝဓါတ်ငွေ့ရည်ဖြင့် လည်ပတ်မည်ဟု ဦးစိန်ဝမ်းက ဆိုထားသော်လည်းဒေသခံများမှာ ကျောက်မီးသွေးစွမ်းအင်ဖြင့် လည်ပတ်မည်ဟူသော ကောလာဟလသတင်းများထွက်ပေါ်နေသဖြင့် ဒေသခံများစိုးရိမ်မှုဖြစ်ပေါ်နေကြောင်း သိရသည်။

Myanmar Lighting Co.,Ltd သည် သဘာဝဓါတ်ငွေ့ဖြင့် မော်လမြိုင်မြို့ ငန်းတေးလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးမှ မဂ္ဂါဝပ် ၂၃၀ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။

ယင်းအခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာအေးဇံနှင့် ရေးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts