Homeသတင်းမွန်ပြည်နယ်ဈေးကွက်တွင် ငရုတ်​သီးမှုန့် ၆၁ မျိုးကို သိမ်းယူ ဖျက်ဆီးမည်​

မွန်ပြည်နယ်ဈေးကွက်တွင် ငရုတ်​သီးမှုန့် ၆၁ မျိုးကို သိမ်းယူ ဖျက်ဆီးမည်​

-

မွန်ပြည်နယ် ဈေးကွက်တွင် ရောင်းချနေသည့် စားသုံးရန် မသင့်သော ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၆၁ မျိုးကို သိမ်းယူ ဖျက်ဆီးသွားမည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

ဈေးကွက်အတွင်း ရောင်းချနေသည့် ငရုပ်သီးမှုန့်အမှတ်တံဆိပ် ၇၉ မျိုး နမူနာကို စားသုံးရန်သင့် မသင့် နေပြည်တော်တွင် စစ်ဆေးမှုပြုလုပ်ခဲ့ရာ ငရုတ်သီးအမှတ်တံဆိပ် ၆၁ မျိုးသည် စားသုံးရန် မသင့်သော Aflatoxas B1 ပါဝင်မှုရှိသည်ကို စစ်ဆေးတွေ့ရှိထားခြင်းဖြစ်သည်။

အရောင်တင် ငရုတ်သီးမှုန်တစ်မျိုး(Internet)
အရောင်တင် ငရုတ်သီးမှုန်တစ်မျိုး(Internet)
“နေပြည်တော်က အကြောင်းကြားစာ ကျမတို့ဆီ ရောက်တာ နိုဝင်ဘာ ၂၉ ရက်နေ့ကပါ။ ဘယ်တော့ သိမ်းယူ ဖျက်ဆီးမယ်ဆိုတာ အတိအကျ ပြောလို့မရဘူး၊ ကျမတို့ ပြောလိုက်ရင် ရောင်းချသူတွေက စစ်ဆေး သိမ်းယူတဲ့ နေ့မှာ မရောင်းပဲ ထားလိုက်မယ်ဆိုတော့ လျှို့ဝှက်ထားရမယ်။ Aflatoxas B1 ပါတဲ့ အမှတ်တံဆိပ် ၆၁ မျိုးကိုလည်း သိမ်းယူမှု မပြုလုပ်ရသေးဘူးဆိုတော့ ဘာတံဆိပ်တွေလဲ ဆိုတာ အတိအကျပြောလို့ မရပါဘူး” ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူခင်က ပြောသည်။

ယခု သိမ်းယူ ဖျက်ဆီးပစ်မည့် ငရုတ်သီးမှုန့် အမှတ်တံဆပ် ၆၁ မျိုးသည် မော်လမြိုင်မြို့တွင် အများဆုံး ရောင်းချနေကြောင်း၊ Aflatoxas B1 ပါဝင်သည့် ငရုတ်သီးမှုန့် စားသုံးမိခြင်းဖြင့် အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါအပြင် အသည်းနှင့် သက်ဆိုင်သည့် ရောဂါများ ဖြစ်စေသည်ဟု ၄င်းက ပြောသည်။

မွန်ပြည်နယ် ဈေးကွက်အတွင်းမှ နမူနာ ယူပြီး စစ်ဆေးမှုပြုလုပ်ထားသည့် ငရုတ်သီးမှုန့် ၇၉ မျိုးအနက် FDA (အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာန) ထောက်ခံချက်မရှိဘဲ ရောင်းချနေသည့် ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၇၆ မျိုးရှိသည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနထံမှ သိရသည်။

မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာထိ ဈေးကွက်အတွင်းက အစားသောက်များကို စစ်ဆေးခြင်း၊ နမူနာ ယူမှုခြင်း ၁၁ ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts