Homeသတင်းမွန်ပြည်နယ်အခြေခံပညာကျောင်း ၁၉ ကျောင်းသာ မြေဂရမ်ရရှိထား

မွန်ပြည်နယ်အခြေခံပညာကျောင်း ၁၉ ကျောင်းသာ မြေဂရမ်ရရှိထား

-

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းပေါင်း ၁၄၉၀ ကျောင်းရှိသည့်အနက် ၁၉ ကျောင်းသာ မြေဂရမ်ရရှိထားသည်ဟု မွန်ပြည်နယ်ပညာရေးမှုးရုံးမှ သိရသည်။

မွန်ပြည်နယ်ပညာရေးမှူး ဦးမျိုးတင့်အောင်က “စာသင်ကျောင်းမြေတွေက အများအာဖြင့်ကတော့ ပုံစံ (၁၀၅) ပဲ ရရှိထားတာများတယ်။ ကျောင်းပိုင်မြေအဖြစ် မြေဂရမ်ရရှိထားတာ နည်းနည်းလေး ပဲရှိတယ်။ မြေဂရမ် ရရှိအောင်ဆောင်ရွက်သွားဘို့ သက်ဆိုင်ရာ ကျောင်းအုပ်တွေကို တိုက်တွန်းထားပါတယ်” ဟု ဆိုသည်။

အမှတ် ၆ အထက၊ မော်လမြိုင်(MNA)
အမှတ် ၆ အထက၊ မော်လမြိုင်(MNA)
စာသင်ကျောင်းပတ်ဝန်းကျင်နေထိုင်သူများက ကျောင်းမြေပိုင်နက်အတွင်းသို့ ဝင်ရောက်ကျူးကျော်လာသဖြင့် ပြန်လည်မောင်းထုတ်ရာတွင် မြေယာအမှုခင်းများ ဖြစ်ပွားခဲ့သည်များလည်းရှိသည်ဟု ပြည်နယ်ပညာရေးမှုးက ဆက်ပြောပြသည်။

“ကျနော်တို့ ကျောင်းဆရာတွေက သင်ကြားရေးပိုင်းမှာပဲ ပိုသိတယ်လေ။ ဂရမ်ရရှိဘို့အတွက် မြေစာရင်းက မြေပေးအမိန့်ရယ်၊ ပိုင်ဆိုင်မှုရယ်တောင်းတော့ ကျနော်တို့မှာက မပြနိုင်တာလဲရှိတယ်။ ဆိုတော့ အများစုတွေက ပုံစံ (၁၀၅) မှာပဲ ရပ်သွားကြတယ်” ဟု မော်လမြိုင်မြို့ လက်ထောက်ပညာရေးမှူး ဦးလှမိုး က ဆိုသည်။

စာသင်ကျောင်းများတွင် မြေစာရင်းမှ မြေဂရမ်ရရှိရန်အတွက် လိုအပ်သည့်အချက်လက်များ စုဆောင်းရာတွင် အခက်အခဲရှိနေကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေး စေလိုကြောင်းနှင့် မြေဂရမ် ပြုလုပ်ရာတွင် ကျောင်းအုပ်ကြီးကိုယ်ပိုင်စရိတ်မှ စိုက်ထုတ်ရသည့်အတွက် ပုံစံ (၁၀၅) အဆင့်တွင် ရပ်ဆိုင်သွားသည်ဟု ဦးလှမိုး က ဆက်လက်ရှင်းပြသည်။

မွန်ပြည်နယ်အခြေပညာစာသင်ကျောင်းများတွင် ဂရမ်ရရှိထားသည့်ကျောင်း ၁၉ ကျောင်း၊ လ-န (၃၉) ရရှိထားသည့်ကျောင်း ၇၀ ကျောင်း၊ ပုံစံ (၁၀၅) ရှိသည့်ကျောင်း ၁၂၃၈ ကျောင်း၊ တပ်ပိုင်မြေနှင့် သာသနာ့မြေထဲရှိကျောင်း ၁၆၃ ကျောင်း ရှိသည်ဟု မွန်ပြည်နယ်ပညာရေးမှုးရုံး စာရင်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts