Homeသတင်းAMDP အနေဖြင့် မွန်အမျိုးသားကွန်ဖရင့်အား အလေးထားတက်ရောက်သင့်ဟုတိုက်တွန်း

AMDP အနေဖြင့် မွန်အမျိုးသားကွန်ဖရင့်အား အလေးထားတက်ရောက်သင့်ဟုတိုက်တွန်း

-

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP(ဗဟို) အနေဖြင့် မွန်တို့၏အကျိုးစီးပွားကိုရှေးရှု၍ မွန်အမျိုးသားကွန်ဖရင့်အား အလေးထားတက်ရောက်သင့်ဟု တိုက်တွန်းကြောင်း ရေးမြို့နယ် AMDP ပါတီဝင်များ၏ သဘောထား သြဂုတ် ၁၄ နေ့စွဲဖြင့် ရေးသားပေးပို့ခဲ့သည်ကို တွေ့ရှိရသည်။

လာမည့်သြဂုတ် ၂၂ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း ကျင်းပမည့် မွန်အမျိုးသားကွန်ဖရင့်သို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP အနေဖြင့် တက်ရောက်မည် မဟုတ်ကြောင်း ဗဟိုဌာနချုပ်ရုံး ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်ထားသည်။

ရေးမြို့နယ် AMDP သဘောထား(Copy)
ရေးမြို့နယ် AMDP သဘောထား(Copy)

“ကျနော်တို့ပါတီဗဟိုအနေနဲ့ အဲဒီဆုံးဖြတ်ချက်ကိုလုံးဝမပြင်နိုင်ဘူးဆိုရင် ပါတီကိုယ်စား ကျနော်တို့ကို ဘိတ်ကြားပါ၊ ဒါက ကွန်ဖရင့်ဖြစ်မြောက်ရေးကော်မတီအပေါ် မူတည်ပါတယ်၊ ရက်လည်းအတော်နီးနေပါပြီ၊ ကျနော်တို့ပါတီတွင်းကိစ္စ နောက်မှကျနော်တို့ဖြေရှင်းကြမယ်” ဟု AMDP ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ရေးမြို့နယ်မှ နိုင်အောင်ဘ(ခေါ်) နိုင်အံက်သာက ပြောသည်။

အထက်ပါ ပါတီထိပ်ပိုင်းခေါင်းဆောင် ၃-၄ ဦးသာ ဆုံးဖြတ်ခဲ့သည့်ကိစ္စကို မိမိတို့လက်မခံနိုင်ကြောင်း၊ ထိုသို့ဆုံးဖြတ်ချက်ချရာတွင်လည်း ပါတီဝင်အများစုသဘောထားကို ထင်ဟပ်စေသင့်ကြောင်း၊ မွန်တော်လှန်ရေးနေ့(သြဂုတ် ၁၈) မတိုင်မီ မိမိတို့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ ပြန်လည်ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်ကြောင်း သူကဆိုသည်။

“အခုကျင်းပမယ့် အမျိုးသားကွန်ဖရင့်ကို မဖြစ်မနေတက်သင့်တယ်၊ ဒါပေမယ့် အဖွဲ့အစည်းကိုယ်စားမပြုဘဲ မိမိပုဂ္ဂိုလ်ရေးအနေနဲ့ တက်ခွင့်ရှိတယ်ဆိုတာကလည်း အဓိပ္ပါယ်တော့ သိပ်မရှိပါဘူး” နိုင်အောင်ဘ ကဆက်ပြောသည်။

သို့ရာတွင် မွန်အမျိုးသားကွန်ဖရင့်ကို ချောင်းဆုံမြို့နယ် AMDP အဖွဲ့ဝင်များအား ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားမည်ဆိုပါက တက်ရောက်မည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် AMDP အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“မြို့နယ်(EC) အသီးသီးတို့ရဲ့ သဘောထားဆန္ဒကို ဒီမိုကရေစီနည်းကျကျ ရယူဆောင်ရွက်ခဲ့ခြင်းမရှိဘူး၊ ဒါကြောင့် AMDPဗဟိုအနေနဲ့ ဆုံးဖြတ်ချက်ကို အချိန်မှီပြန်လည် သုံးသပ်ပြင်ဆင်ဖို့ တိုက်တွန်းပါတယ်” ဟု ချောင်းဆုံမြို့နယ် AMDP အတွင်းရေးမှူး ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (ဗဟို) အနေဖြင့် မွန်အမျိုးသားကွန်ဖရင့်တက်ရောက်မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အနည်းအကျဉ်းဖြင့်သာ ဆုံးဖြတ်ခဲ့ကြပြီး ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာမြို့နယ်ပါတီအသီးသီးတို့၏ သဘောထားခံယူချက်များကို ရယူခဲ့ခြင်းမဟုတ်ကြောင်း ရေးမြို့နယ် AMDP ပါတီဝင်များ၏ သဘောထားတွင် ရေးသားဖော်ပြခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts