Homeသတင်းရေးမြို့နယ်သို့ မဟာဓါတ်အားလိုင်းသွယ်တန်းရေး မသေချာသေးဟုဆို

ရေးမြို့နယ်သို့ မဟာဓါတ်အားလိုင်းသွယ်တန်းရေး မသေချာသေးဟုဆို

-

ပြည်ထောင်စုအစိုးရက တရုတ်နိုင်ငံ EXIM Bank ဘဏ်မှ ချေးယူမည့်အစီအစဉ် ရုပ်သိမ်းလိုက်သည့်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရေးမြို့နယ်သို့ မဟာဓါတ်အားလိုင်းရောက်ရှိရန် မသေခြာသေးဟု မွန်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၈) မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောသည်။

ဦးမျိုးဝင်း က “ EXIM Bank က ချေးငွေနဲ့ လုပ်မယ် အစီအစဉ်ကို ဖျက်လိုက်ပြီ ADB ဘဏ်က ချေးငွေနဲ့ ဆက်လုပ်မယ်လို့ပြောတယ်။ အခုလွှတ်တော်က EXIM Bank က အတိုးများတာရယ်၊ သူတို့လုပ်သားပဲ သုံးရမယ်ဆိုတာရယ်၊ သူတို့ပစ္စည်းပဲသုံးရမယ်ဆိုတာဖြစ်တဲ့အတွက် ချည်နှောင်ထားတဲ့ သဘောသက်ရောက်နေတယ်။ ဒီတော့ ADB ဘဏ်က ချေးငွေကိုပဲစောင့် ကြည့်ရမယ်ဆိုတော့ စီမံကိန်းက ၂၀၁၆-၂၀၁၇ ဘဏ္ဍနှစ်အတွင်းတော့ မဖြစ်နိုင်ဘူး” ဟု ဆိုသည်။

 မော်လမြိုင် ငန်တေလျှပ်စစ်ဓါတ်အားပေးစက်ရုံ (မွန်ထော်)
မော်လမြိုင် ငန်တေလျှပ်စစ်ဓါတ်အားပေးစက်ရုံ (မွန်ထော်)
သို့ရာတွင် မဟာဓါတ်အားလိုင်းသွယ်တန်းမည့် 230 KV မော်လမြိုင်-ရေး-ထားဝယ်ဓါတ်အားလိုင်းစီမံကိန်းကို အာရှဖွံ့ဖြိုးရေး ADB ဘဏ် ချေးငွေဖြင့်ဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းထားပြီဖြစ်၍ ခွင့်ပြုချက်ရရှိပါက ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၉ ရက် ကျင်းပဆဲအမျိုးသားလွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း မေးမြန်းခဲ့ရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြန်လည်ဖြေကြားခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်သမ္မတဦးသိန်းစိန်လက်ထက် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလျှပ်စစ်ကြီးက ရေးနှင့် ထားဝယ်မြို့များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူပေးရန် ၂၃၀ ကေဗီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍနှစ်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော် တွင်ဖြေဆိုထားမှုရှိခဲ့သည်ဟု သိရသည်။

ရေးမြို့နေသူ ဒေါ်စန်းကြည် က “အခုသုံးနေတဲ့ လျှပ်စစ်မီးက အရမ်းဈေးကြီးတယ်။ သူများမြို့နဲ့တွက်ရင် ၁၀ ဆကျော်တယ်လေ။ တကယ်လို့ တခြားမြို့တွေလိုပဲတယူနစ် ၅၀ ကျပ် လောက်ပဲဆိုရင် ကျမတို့မြို့မှာ အများကြီးပြောင်းလဲလာမှာပေါ့။ အခုက ရေခဲသေတ္တာတို့၊ ပန်ကာတို့တောင် မသုံးရဲဘူး” ဟု ဆိုသည်။

လက်ရှိရေးမြို့ပေါ်နှင့် ကျေးရွာများတွင် ပုဂ္ဂလိကလျှပ်စစ်မီးကို သုံးစွဲနေရသောကြောင့် ချွေတာသုံးစွဲနေရကြောင်း၊ လက်ရှိအစိုးရသစ်လက်ထက်တွင် အစိုးရဖြန့်ဖြူးသည့်လျှပ်စစ်မီးရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဒေါ်စန်းကြည်က ဆက်ပြောသည်။
မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ရေးမြို့နယ်မှအပ ၉ မြို့နယ်တွင် အစိုးရ မဟာဓါတ်အားလိုင်းဖြင့် လျှပ်စစ်မီးသုံးခွင့်ရရှိထားခြင်း ဖြစ်သည်။

ရေးမြို့အတွက်မြတ်သူရထွန်းကုမ္မဏီမှ လျှပ်စစ်မီးဖြန့်ဝေလျှက်ရှိရာတွင် ယခင်တစ်ယူနစ် ၄၅၀/၅၀ဝ ကျပ်ခန့် ကောက်ခံခဲ့ရာမှ လောင်စာဆီဈေးနှုန်းကျဆင်းလာသဖြင့် ယခုနှစ်တွင် တစ်ယူနစ် ၃၅၀ ကျပ်သို့ ကောက်ခံနေသည်ဟု ရေးမြို့ဒေသခံများမှ သိရသည်။

အဆိုပါ မော်လမြိုင်-ရေး-ထားဝယ်မြို့များသို့ မဟာဓါတ်အားလိုင်သွယ်တန်းရန်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၃ ဒသမ ၄ သန်းခန့် ကုန်ကျစရိတ်မည်ဟု ပြည်ထောင်စုအစိုးရ ခန့်မှန်းတွက်ချက်ထားရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts