မကြာမီကျင်းပတော့မည်ဖြစ်သော ၂၁ ရာစုပင်လုံညီလာခံတွင် ယခုအစည်းအဝေးသို့တက်ရောက်လာသော တိုင်းရင်းသားခေါင်းဆောင်အားလုံးနှင့် ပြန်လည်ဆုံတွေ့ရန် မျှော်လင့်ပါကြောင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာန၏ အာရှရေးရာအထူးသံတမန် Mr. Sun Guoxiang က ပြောသည်။
KIO ကချင်ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ကျင်းပနေသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ မျက်နှာစုံညီအစည်းအဝေး စတုတ္ထမြောက်နေ့(ဇူလိုင် ၂၉) နံနက်ပိုင်း၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဌာန၏ အာရှရေးရာအထူးသံတမန် အမှာစကားပြောကြားခဲ့ခြင်း ဖြစ်သည်။
“၂၁ ရာစုပင်လုံညီလာခံမှာလည်း ကျနော် အခုဒီမှာ ကြွရောက်လာကြတဲ့ ဒီတိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင် အားလုံးနဲ့ ပြန်လည်တွေ့ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု Mr. Sun Guoxiang က ဆိုသည်။
ထို့အပြင် ယခုအစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြမည်ဟု မိမိအနေဖြင့်မျှော်လင့်ပါကြောင်း သူက ဆက်ပြောသည်။
သူက “ကျွန်တော်တို့ ဒီအစည်းအဝေးမှာ ဆွေးနွေးမယ့် ကိစ္စဆိုရင် အရေးကြီးတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အဲဒီအထဲမှာ ဘယ်ကိစ္စက ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စလည်းဆိုတာ သတ်မှတ်ထားဖို့လိုပါတယ်။ ဘာကိစ္စကို ဦးစားပေးရမလဲဆိုတာကိုလည်း သတ်မှတ်ထားဖို့လိုပါတယ်။ ဒီအစည်းအဝေးမှာ ဆွေးနွေးတဲ့ ကိစ္စတွေထဲမှာ ရေတိုကိစ္စလည်းရှိသလို ရေရှည်ကိစ္စလည်း ရှိပါတယ်။ ကျွန်တော်ထင်တာတော့ လွဲတဲ့ ကိစ္စကို အရင်ဆွေးနွေးဖို့ အတည်ပြုကြဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။
ထို့အပြင် တချို ့ကိုယ်စားလှယ်များသည် နိုင်ငံတကာဆွေးနွေးပွဲများကို ပါဝင်တက်ရောက်ခဲ့ကြဖူးပြီး ၎င်းတို့ အတွေ့ အကြုံအရဆိုပါက ယခု ဆွေးနွေးပွဲတွင် အထောက်အကူ အများကြီး ရရှိနိုင်ပြီး မိမိတို့ အကောင်းဆုံး ရလာဒ် ရရန်အတွက် တချို ့က လိုက်လျောပေးရန်လိုသလို တချို ့မှ လျော့ပေးရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ နိုင်ဟံသာက “၂၁ ပင်လုံညီလာခံကို လက်မှတ်ထိုးပြီးမှတက်မှာလား မထိုးဘဲတက်မှာလားဆိုတာ အစိုးရအပေါ်မှာမူတည်ပါတယ်၊ လက်မှတ်ထိုးပြီးမှ တက်ခွင့်ရှိတယ်ဆိုရင် NCA ကိုပြန်ညှိရဦးမယ်၊ လက်မှတ်မထိုးဘဲ တက်ခွင့်ရှိရင်လည်း ပိုပြီးလွယ်ကူသွားမယ်၊ NCA လက်မှတ်ထိုးဖို့ဆိုတာ အစိုးရက ဟိုအဖွဲ့ ဒီအဖွဲ့မပါရဆိုထားတော့ ကျနော်တို့မှာ အခက်အခဲ့ရှိစေတယ်၊ လက်နက်ကိုင်အဖွဲ့အားလုံးမပါဝင်ဘဲနဲ့ ကျနော်တို့နိုင်ငံ အေးချမ်းတဲ့အဆင့် မရောက်နိုင်ဘူး၊ ဒါကြောင့် အားလုံးပါဝင်ရေးကို ရပ်တည်နေတာပါ” ဟု ပြောသည်။
မိုင်ဂျာယန်အစည်းအဝေးသို့ လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အနက် NCA လက်မှတ်မရေးထိုးရသေးသည့် “ဝ” လက်နက်ကိုင်အဖွဲ့ UWSP/UWSA၊ ပလေင်(တအာင်း)လက်နက်ကိုင်အဖွဲ့TNLA ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် နာဂဆိုရှယ်လစ်ကောင်စီ NSCN-K တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များနှင့် မရေးထိုးရသေးသည့် အဖွဲ့များဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA ၊ တိုင်းရင်သားညီနောင်ပါတီများ ဖက်ဒရေးရှင်း NBF၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကိုယ်စားလှယ်များ အပါအဝင်စုစုပေါင်း ၂၀ဝ ကျော် တက်ရောက်လျက်ရှိသည်။