Homeအယ်ဒီတာ့အာဘော်၂၁ ပင်လုံညီလာခံသို့ EAO’s အဖွဲ့အားလုံးတက်ခွင့်ရှိမည်ကိုကြိုဆို

၂၁ ပင်လုံညီလာခံသို့ EAO’s အဖွဲ့အားလုံးတက်ခွင့်ရှိမည်ကိုကြိုဆို

-

လာမည့် သြဂုတ်လနောက်ဆုံးပတ်အတွင်း ကျင်းပမည့်ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) သို့ အစိုးရနှင့် အပစ်ရပ်လက်မှတ် NCA ရေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း Ethnic Arms Organizations-EAO’s အားလုံး နိုင်ငံရေးပါဝင်ဆွေးနွေးခွင့်ပြုသည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၅ ရက်နေ့တွင် မူဝါဒချမှတ်ပေးလိုက်ပြီဟူသည့်မင်္ဂလာသတင်းအား မွန်သတင်းအေဂျင်စီက ဝမ်းမြောက်စွာကြိုဆိုအပ်ပါသည်။

၂၁ ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအစည်းအဝေး(Myanmar State Counsellor Office)
၂၁ ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအစည်းအဝေး(Myanmar State Counsellor Office)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)ကို အောင်မြင်မှုအပြည့်အဝရရှိရန် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားအဖွဲ့အစည်း အားလုံး ပါဝင်ဆွေးနွေးခွင့်ရှိရန်လိုအပ်ကြောင်း ဇူလိုင် ၂ ရက်နေ့စွဲဖြင့် မွန်ပြည်သစ်ပါတီကလည်း အမြင်သဘောထားထုတ်ပြန် တောင်းဆိုခဲ့သလို UNFC တပ်ပေါင်းစု၏ အားလုံးပါဝင်ရေးမူနှင့်လည်း ကိုက်ညီနေသည်ကို တွေ့ရှိရသည်။

အပစ်ရပ်လက်မှတ် NCA မရေးထိုးရသေးသည့် လက်ရှိ UNFC ၉ ဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO, မွန်ပြည်သစ်ပါတီ NMSP, ကရင်နီတိုးတက်ရေးပါတီ KNPP, ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA, တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA/PSLF, လားဟူဒီမိုကရက်တစ်ယူနီယံ LDU, “ဝ” အမျိုးသားအဖွဲ့ချုပ် WNO, မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA(ကိုးကန့်အဖွဲ့), ရခိုင်အမျိုးသားကောင်စီ ANC တို့ ပါဝင်နေသည်။

ထို့အတူ UNFC အဖွဲ့ဝင်မဟုတ်သော ‘ဝ’ သွေးစည်း ညီညွတ်ရေး ပါတီ UWSP/UWSA ၊ မိုင်းလားအဖွဲ့ NDAA၊ နာဂအမျိုး သားဆိုရှယ်လစ်ကောင်စီ ကပ်ပလန် NSCN-K၊ ရခိုင်တပ်မတော် AA စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့သည်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်မရေးထိုးရသေးသောအဖွဲ့များ ဖြစ်ကြသည်။

တဖက်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ-RCSS/SSA၊ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့-PNLO ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PC၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ ပြီးခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင် မြန်မာအစိုးရနှင့် NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

ထို့ကြောင့် ၂၁ ပင်လုံညီလာခံသို့ အထက်ပါ NCA ရေးထိုး၊ မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ အားလုံးတက်ရောက်ခွင့်ရှိမည်ဆိုသဖြင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တစ်ဆို့နေခဲ့သော အရေးကြီးသည့်လှေခါးတစ်ဆစ် ဖြတ်ကျော်နိုင်ခဲ့ပြီဟု ပြောလိုပါသည်။

တချိန်တည်းတွင်ပင် သက်ဆိုင်သည့်အဖွဲ့အစည်းများ၊ နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် တိုင်းရင်းသားဒေသအချို့၌ ဖြစ်ပေါ်နေသောတိုက်ပွဲသံများ ချက်ချင်းလုံးဝရပ်တန့်ရေးကိုလည်း မဖြစ်မနေကြိုးပမ်း ဆောင်ရွက်သင့်သည်ဟု တိုက်တွန်းလိုပါသည်။

သို့မှသာ နိုင်ငံသားအားလုံးမျှော်လင့်နေကြသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ကြီး ချောမွေ့အောင်မြင်ပြီးဆုံးအောင် မကြာမီကာလတွင် စတင်ကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts