Homeငြိမ်းချမ်းရေးအမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရနှင့်တပ်မတော် တွေ့ဆုံဆွေးနွေးအဖြေရှာသင့်ပြီ

အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရနှင့်တပ်မတော် တွေ့ဆုံဆွေးနွေးအဖြေရှာသင့်ပြီ

-

အယ်ဒီတာအာဘော် (၃၁ ဇန်နဝါရီ ၂၀၂၁)

Picture by LILLIAN SUWANRUMPHA,YE AUNG AFP

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို မဖြေရှင်းပါက အာဏာသိမ်းမှု မဖြစ်နိုင်ဟု ပြော၍မရကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲတွင် အတိအလင်း ပြောဆိုထားသည်။

ထို့အတူ ပြဌာန်းထားသည့် ဥပဒေကို ကိုယ်လိုရာဆွဲပြောနေမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကို ဦးတည်သွားနိုင်ကြောင်း၊ ဥပဒေကို မလေးစားမလိုက်နာရင် အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမည့်အကြောင်း၊ တော်လှန်ရေးကောင်စီခေတ်မှာ ၁၉၄၇ ဥပဒေကို ဖျက်ခဲ့ကြောင်း၊ နဝတခေတ် တပ်မတော်အစိုးရ တက်လာရာမှာလည်း ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို ဖျက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်ကလည်း တိုက်ဆိုင်မှုတစ်ရပ်ဟု ဆိုသည်။ 

သို့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့်သင်တန်းသားအရာရှိကြီးများအား အခြေခံဥပဒေ၏ သဘောသဘာဝကို နားလည်သဘောပေါက်စေရန် ပြောကြားသည်ဟု နောက်ပိုင်းတွင် ကြော်ငြာချက်ထုတ်ပြန်သော်လည်း လက်ရှိအစိုးရအပြောင်းအလဲများနှင့် လက်ရှိအခြေအနေ၊ အချိန်အခါတွင် စဉ်းစားစရာများ ဖြစ်နေသည်။

ယင်းကဲ့သို့ ပြောဆိုချက်ပေါ်ထွက်လာသည်နှင့် တပြိုင်နက် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် မြို့အချို့တွင် စစ်သံချပ်ကာကား၊ တင့်ကားများ လမ်းပေါ်ရောက်ရှိလာသည့်အတွက် တပ်မတော် အာဏာသိမ်းတော့မည်လား ဆိုသည့် စိုးရိမ်မှုနှင့်အတူ ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျှက်ရှိသည်။

လက်ရှိမြန်မာ့နိုင်ငံရေးအကြပ်အတည်းအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က သက်ဆိုင်သူများ အားလုံးအနေဖြင့် လှုံ့ဆော်မှုများ၊ ဒေါသ အမျက်ထွက်အောင် တိုက်တွန်း အားပေးမှုများကို မပြုလုပ်ကြရန်၊  ခေါင်းဆောင်ပီသမှုကိုပြသကြရန်၊ ဒီမိုကရေစီ စံချိန်စံညွှန်းများကို လိုက်နာစောင့်ထိန်းရေးနှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို လေးစားကြရန် တိုက်တွန်းထားသည်။

ထို့ကြောင့် လက်ရှိနိုင်ငံရေးအကြပ်အတည်းကြောင့် ပြည်သူတစ်ရပ်လုံး၏ စိုးရိမ်သောကများမဖြစ်ပေါ်စေရန်  နိုင်ငံတော်အတိုင်ပင်ခံနှင့် တပ်ချုပ်ကြီးတို့အနေဖြင့် တိုက်ရိုက်မျက်နှာချင်းဆိုင်တွေ့ဆုံ၍ ဆွေးနွေး အဖြေရှာသင့်ပြီဟု ယူဆပါသည်။

နိဂုံးအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ EAOs၊ တပ်မတော်နှင့် EAOs တို့၏ နှစ်ဖက်အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသကဲ့သို့ပင် အမျိုးသားပြန်လည်သင့်မြတ်ရေး National Reconciliation တည်ဆောက်ရေး အစိုးရနှင့် တပ်မတော်တို့အနေဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ပြီဟု တိုက်တွန်းလိုပါကြောင်း။   

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts