Homeငြိမ်းချမ်းရေးတစ်ဆို့မှုအခက်အခဲများနှင့်ကြုံတွေ့နေရဦးမည့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရေး

တစ်ဆို့မှုအခက်အခဲများနှင့်ကြုံတွေ့နေရဦးမည့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရေး

-

အယ်ဒီတာအာဘော် (၂၄ ဇန်နဝါရီ ၂၀၂၁)

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို ၂၀၂၀ ရွေးကောက်ပွဲမှ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၁၇ ဦး၊ မွန်ညီညွတ်ရေးပါတီ MUP ၆ ဦးနှင့် ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့ဖြင့် ဖွဲ့စည်းကြမည်ဖြစ်ပါသည်။  

သို့ရာတွင် မကြာမီစတင်တော့မည့် တတိယအကြိမ်လွှတ်တော်ကိုရည်စူး၍ ဇန်နဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့သည့် မွန်ပြည်နယ် လွှတ်တော်မိတ်ဆက်အခမ်းအနား ကျင်းပခဲ့ရာတွင် လက်ရှိဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၅ ဦးနှင့် ပြည်နယ်ဥက္ကဌကိုယ်တိုင် အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်အများစု မတက်ရောက်ခဲ့သည်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်သဘောမဟုတ်သည့်အတွက် ဝေဖန်စရာဖြစ်လာရသည်။

ထို့အတူ NLD ဗဟိုကကြွေးကျော်ထားသော အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းသွားမည်ဆိုသည့်ကိစ္စကိုလည်း အချို့သော ပြည်နယ်အခြေစိုက် NLD ပါတီဝင်တွေ လက်မခံနိုင်ဖြစ်နေသည့် ပြောဆိုရေးသားမှုများကို လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိရသည်။ 

လာမည့်တတိယအကြိမ် မွန်ပြည်နယ်၏ လွှတ်တော်အခင်းအကျင်းတွင်လည်း ဦးဆောင်သူ NLD အုပ်စု၊ မွန်ညီညွတ်ရေးပါတီ MUP အုပ်စုနှင့် တပ်မတော်သားအုပ်စုဟူ၍ အုပ်စု ၃ ခုတို့အပြိုင် သီးခြားစီရပ်တည်သွားကြမည့်သဘော ကြိုတင်ပြေးမြင်နေမိသည်။

NLD အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ လာမည့်မတ်လအကုန်ထိ တိုင်းရင်းသားပါတီများအား လိုက်လံတွေ့ဆုံ၍ သဘောထားရယူမည့်ဆန္ဒ ရှိပုံရသော်လည်း NLD ပါတီရုံးများမှာသာ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်သွားမည့်သဘောထားကို ဆက်လက်စွဲကိုင်ထားဆဲဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရဆိုရာတွင်လည်း NLD ပါတီသည် တိုင်းရင်းသားပါတီများအပေါ် တန်းတူရည်တူမဆက်ဆံလိုဘဲ လက်အောက်ခံပါတီအဖြစ်သာ သဘောထားရှိကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ဝေဖန်မှုများရှိသည်။

တစ်ဖက်မှာလည်း ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုသံသယများ ဖြေရှင်းပေးရန် တပ်မတော်၏တောင်းဆိုနေမှုကို ပြန်လည်ဖြေရှင်းပေးခြင်းမရှိသဖြင့် စစ်မှန်၍လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ကြောင်း တပ်မတော်အသိအမှတ်ပြုရန် ခဲယဉ်းနေခြင်းသည် လက်ရှိမြန်မာ့နိုင်ငံရေး၏ အဓိကအကျပ်အတည်းတစ်ခု ဖြစ်လာသည်။ 

ထို့ကြောင့် လက်ရှိရွေးကောက်ပွဲအနိုင်ရ NLD အနေဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဆက်ဆံရေးတွင် အဖုအထစ်များစွာဖြစ်နေသကဲ့သို့ တပ်မတော်နှင့် ဆက်ဆံရေးသည်လည်း အထစ်အငေါ့များစွာရှိနေပြန်သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းရေးအခင်းအကျင်းသည် တစ်ဆို့မှုအခက်အခဲများနှင့်သာ ဆက်လက်ရင်ဆိုင်ကြုံတွေ့နေရဦးမည်ဖြစ်ပါကြောင်း မွန်သတင်းအေဂျင်စီမှ သုံးသပ်မိပါသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts