Homeသတင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ဥက္ကဌတွေ့ဆုံရန် မူအားဖြင့်သဘောတူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် UNFC ဥက္ကဌတွေ့ဆုံရန် မူအားဖြင့်သဘောတူ

-

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဌအင်ဘန်လ အပါအဝင် အဖွဲ့ဝင်ဥက္ကဌများပါဝင်သောအဖွဲ့တို့ ရန်ကုန်မြို့၌ ဇူလိုင်လလယ်အတွင်း တွေ့ဆုံရန် မူအားဖြင့်သဘောတူကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation-DPN က ဇူလိုင် ၁ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

-(ဝဲမှယာ) ဦးလှမောင်ရွှေနှင့် ခူဦးရယ်တို့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်(MNA)
-(ဝဲမှယာ) ဦးလှမောင်ရွှေနှင့် ခူဦးရယ်တို့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်(MNA)

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ(၂) နှင့် ခူဦးရယ် ဦးဆောင်သော DPN အဖွဲ့ဝင်များ ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးစင်တာ NRPC ၌ တွေ့ဆုံဆွေးနွေးကြပြီးနောက် ယင်းကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုနောက် တွေ့ဆုံဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ “ကျွန်တော်တို့ဘက်ကပြောတဲ့ အားလုံးပါဝင်ရေးဟာ အခြေခံအကြောင်းတရားတွေ ရှိပါတယ်။ တချို့နားလည်တာက သူတို့အားလုံး ပါဝင်လက်မှတ်ရေးထိုးမှ ကျွန်တော်တို့တောင်းဆိုတဲ့ အားလုံးပါဝင်ရေးဟာ ပြီးမြောက်မယ်လို့ တချို့ကလည်း နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က အားလုံးပါဝင်လက်မှတ်ရေးထိုးမှ အားလုံးပါဝင်တယ်လို့ မှတ်ယူရမယ်ဆိုတဲ့ မူပေါ်လစီ မဟုတ်ဘူး။ ကျွန်တော်တို့မှာ အခြေခံခြွင်းချက်တွေ ရှိပါတယ်၊ အကြောင်းတရားတွေ ရှိပါတယ်၊ ဒါလောက်ပဲ ကျနော်ပြောပါရစေ” ဟု DPN ခူဦးရယ်က ပြောသည်။

သို့ရာတွင် UNFC အဖွဲ့အနေဖြင့် NCA လက်မှတ်မထိုးဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ တက်ရောက်ခွင့်ရမရ၊ ညီလာခံတွင် အားလုံးပါဝင်ရေးကို အစိုးရလက်ခံမခံ ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ရှင်းလင်းစွာ ပြန်လည်ဖြေကြားချင်း မရှိခဲ့ပေ။

၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက “အစိုးရဘက်ကတော့ အားလုံးပါဝင်ရေး ဆိုတဲ့မူကို ဆက်ပြီးတော့ ဆွဲကိုင်ထားတာရှိတယ်။ ဒီအတွက်လည်း အားလုံးပါဝင်နိုင်မယ့် နည်းလမ်းတွေကို အတူတူပူးပေါင်းပြီးတော့ ရှာကြဖို့ဆိုတာကိုလည်း မူအားဖြင့် သဘောတူတယ်” ဟု ပြောသည်။

၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ရေးဆွေးနွေးအဖြေရှာရန် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသော အဖွဲ့များပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး EAOs Summit ကို ကချင်ပြည်နယ် မိုင်ဂျားယန်၌ ဇူလိုင်လအတွင်းကျင်းပမည်ဟု သတင်းထွက်ပေါ်နေသော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးပေ။

အဆိုပါ မိုင်ဂျားယန်၌ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးကိစ္စကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ခံထားကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

ထို့အပြင် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို လာမည့်သြဂုတ်လမကုန်မီ ကျင်းပနိုင်ရန်အတွက် နိုင်ငံရေး မူဘောင် သုံးသပ်ခြင်းကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းသို့ မူဘောင်သုံးသပ်ရာတွင် NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များ ပါဝင်နိုင်ရေးကို ယခုအစည်းအဝေးတွင် ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts