Homeသတင်းရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးခြင်းကို နိုင်ငံတော်သမ္မတထံ AMDP ကန့်ကွက်

ရွှေ့ပြောင်းအိမ်ထောင်စုစာရင်းထုတ်ပေးခြင်းကို နိုင်ငံတော်သမ္မတထံ AMDP ကန့်ကွက်

-

အစိုးရသစ်ရက် ၁၀ဝ စီမံချက်ဖြင့် ရွေ့ပြောင်းလုပ်သားများကို အိမ်ထောင်စုစာရင်း ထုတ်ပေးခြင်းအပေါ် လုပ်ထုံးလုပ်နည်းစနစ် မှန်ကန်မျှတသည်ဟု မယူဆသဖြင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP က နိုင်ငံတော်သမ္မတထံလိပ်မူ၍ ဇွန်လ ၂၇ ရက်က ကန့်ကွက်စာ ပေးပို့ထားကြောင်း သိရသည်။

ထို့အတူ ဝန်ကြီးချုပ် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဥက္ကဌ မွန်ပြည်နယ်လွှတ်တော်၊ လဝကပြည်နယ်ဦးစီးမှူး မွန်ပြည်နယ်သို့လည်း အလားတူမိတ္တူစာပေးပို့ခဲ့ကြောင်း တွေ့ရှိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုအလုပ်မှုဆောင် နိုင်လှခိုင်က “မွန်ပြည်နယ်အစိုးရအနေနဲ့ ရက် ၁၀ဝ သစ္စာစီမံချက်ရေးဆွဲပြီး ရွှေ့ပြောင်းလုပ်သားများကို အိမ်ထောင်စုစာရင်း အသစ်ထုတ်ပေးတာဟာ လုပ်ထုံးလုပ်နည်းစနစ် မှန်ကန်မျှတတယ်လို့ မယူဆတာကြောင့် ကန့်ကွက်ရတာပါ” ဟု ဆိုသည်။

မူလအိမ်ထောင်စုစာရင်း ပယ်ဖျက်ထုတ်နုတ်ခြင်းမပြုဘဲ အိမ်ထောင်စုစာရင်းအသစ် ထုတ်ပေးခြင်းမှာ လူဦးရေစာရင်း ဖောင်းပွမှုဖြစ်ပေါ်စေပြီး ရွေးကောက်ပွဲ အဆင့်ဆင့်အတွက် မဲစာရင်းများ တိကျမှန်ကန်မှု မရှိနိုင်ကြောင်း၊ လူတစ်ဦးတွင် အိမ်ထောင်စုစာရင်း ၂ စောင် ကိုင်ဆောင်ခွင့်နှင့် နိုင်ငံသားကဒ်ပြား ၂ စောင် ကိုင်ဆောင်ခွင့်ရရှိရေးကို ရှေးရှုရာရောက်နေသည့်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၏ နည်းဥပဒေ လုပ်ထုံး လုပ်နည်းနှင့်လည်း မကိုက်ညီကြောင်း နိုင်လှခိုင်က ဆက်ပြောသည်။

AMDP ၏ သမ္မတထံကန့်ကွက်စာ(Copy)
AMDP ၏ သမ္မတထံကန့်ကွက်စာ(Copy)
အကယ်၍ ရွှေ့ပြောင်းလုပ်သားသည် မွန်ပြည်နယ်အတွင်း အမြဲတမ်းအခြေချနေထိုင်လိုသည့်ဆန္ဒရှိပါက မူလမြို့နယ်အိမ်ထောင်စုစာရင်းမှ ထုတ်နုတ်ပြီးသည့်အထောက်အထားရရှိပြီးမှ လဝက၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသင့်ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက အကြံပြုတိုက်တွန်းထားသည်ကို ဖတ်ရှုရသည်။

သထုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က “ရွှေ့ပြောင်းအလုပ်သမားတွေက တနေရာနဲ့တနေရာ ရွှေ့ပြောင်းပြီး အလုပ်လုပ်ကိုင်နေတဲ့သူတွေ ဖြစ်နေပါတယ်၊ အဲဒီရွှေ့ပြောင်းတဲ့ အလုပ်သမားတွေကို အိမ်ထောင်စုစာရင်းထုတ်ပေးရာမှာ သက်ဆိုင်ရာ လဝက ဥပဒေနှင့် လုပ်ထုံးလုပ်နည်းအရ နေရာတနေရာမှာ အနည်းဆုံး ၆ လနေထိုင်သူကို ယာယီ အိမ်ထောင်စုစာရင်း ထုတ်ပေး လျှက်ရှိပါတယ်။ သတ်မှတ်ထားတဲ့ ဥပဒေအရဆိုလျှင် မူလနေထိုင်ရာ အိမ်ထောင်စုစာရင်းမှ ထုတ်နှုတ်ပြီးမှ နောက်တနေရာမှာ ထည့်သွင်းရမယ်” ဟု ဆိုသည်။

အလားတူ မေလ ၃၁ ရက်က မွန်ပြည်နယ်အစိုးရရုံး အောင်ဆန်းခန်းမတွင် ရက် ၁၀ဝ လုပ်ငန်းစဉ် စီမံချက် သတင်းစာရှင်း လင်းပွဲ၌ မွန်ပြည်နယ်ဝန်ကြီးချုပ်က ရက် ၁၀ဝ စီမံချက်တွင် ရွှေ့ပြောင်းအလုပ်သမားများကို အိမ်ထောင်စု စာရင်း ထုတ်ပေးမည်ဟု ပြောဆိုခဲ့ပြီး မွန်ပြည်သူလူထုများ၊ မွန်အရပ်ဖက်အဖွဲ့အစည်းများနှင့် မွန်အမျိုးသားပါတီကလည်း ကန့်ကွက်လျှက်ရှိသည်။

ထို့အတူ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ပထမနေ့(ဇွန် ၂၇) တွင် ချောင်းဆုံမဲဆန္ဒနယ်၊ အမှတ် ၁ မဲဆန္ဒနယ် AMDP ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက “အိမ်ထောင်စုစာရင်းထုတ်ပေးသည့် ကိစ္စရပ်အား ရပ်ဆိုင်းပေးရန် တိုက်တွန်းကြောင်း” အဆိုအား တင်သွင်းခဲ့ရာ NLD ပါတီမှ ဒေါ်ခိုင်ခိုင်လဲ့ ထောက်ခံသဖြင့် မွန်ပြည်နယ်လွှတ်တော်မှ ဆွေးနွေးရန်ဆုံးဖြတ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts