မွန်ပြည်နယ်၊ မုဒုံမြို့၌ ဇွန်လ ၂၄ ရက်နေ့တွင် မူးယစ်ဆေးဝါး ၁၉၄၄ လုံး ဖမ်းဆီရမိခဲ့ကြောင်း ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ပထမနေ့(ဇွန် ၂၇) ၌ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ပြောကြားခဲ့သည်။
ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က “မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက်၊ မုဒုံ-ကျွန်းရွာအသွားကားလမ်းဘေး ရွှင်ပျော်ပျော် စားသောက်ဆိုင်ရှေ့တွင် သံမဏိ (ခေါ်) မိုးပလဲ မောင်နှင်းသည့် ဇင်လင်းဦး စီနင်းလာသော ဆိုင် ကယ်ကို ရပ်တန့်စစ်ဆေးရာ ဖမ်းဆီးရမိသည်” ဟု ပြောသည်။
မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီးနှိမ်နှင်းရေးအဖွဲ့ ကို ပြည်နယ်အဆင့် ၁ ဖွဲ့၊ ခရိုင်အဆင့် ၂ ဖွဲ့၊ မြို့နယ်အဆင့် ၁၀ ဖွဲ့၊ ရပ်/ကျေးအဆင့် ၄၃၁ ဖွဲ့ ဖွဲ့စည်း ထားသည်ဟု ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ဆက်ပြောသည်။
သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၏ မွန်ပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါးများရောင်းဝယ်ဖောက်ကားသုံးစွဲခြင်းကိစ္စနှင့်ပတ်သက်၍ မေးခွန်ကို ပြန်လည်ဖြေကြားထား ခြင်းဖြစ်သည်။
၂၀၁၆၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဇွန် ၂၄ ရက်နေ့အထိ မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါး ၁၁၀ မှုဖမ်းဆီးရရှိပြီး တရားခံကျား ၁၃၆ ဦး၊ မ ၁၂ ဦး စုစုပေါင်း ၁၄၈ ဦး ဖမ်းဆီးအရေးယူခဲ့သည် ဟု သိရပြီး ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအရေအတွက်သည် ၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်၌ အများဆုံးဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဆိုသည်။