Homeသတင်းအမျိုးသမီးနှင့် ကလေးသူငယ်များအကြမ်းဖက်ခံရမှု တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား

အမျိုးသမီးနှင့် ကလေးသူငယ်များအကြမ်းဖက်ခံရမှု တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား

-

အမျိုးသမီးနှင့် ကလေးသူငယ်များ အကြမ်းဖက်ခံရမှုဖြစ်ပေါ်လျှင် အချိန်နောက်ကျခြင်း မဖြစ်စေဘဲ စေလျှင်စွာ တိုင်ချက်ဖွင့်ပေးစေလိုကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့အား အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်ခံရမှုအပေါ် ကူညီစောင့်ရှောက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် မော်လမြိုင် Justice Center မှ အကြံပြု တိုက်တွန်းထားကြောင်း သိရသည်။

မာ်လမြိုင် Justice  Center Director ဦးဟန်ငြိမ်း(MNA)
မာ်လမြိုင် Justice Center Director ဦးဟန်ငြိမ်း(MNA)

ဇွန်လ ၂၈ ရက်နေ့တွင် မော်လမြို့၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရာမညဇာနည်ခန်းမ၌ ပြုလုပ်သည့် အမျိုးသမီးများ နှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်ခံရမှု တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားတွင် ယင်းသို့ အကြံပြု တိုက်တွန်းထားခြင်း ဖြစ်သည်။

မော်လမြိုင် Justice Center Director ဦးဟန်ငြိမ်းက “ စခန်းမှူးကြီးများ တတ်နိုင်သမျှ ချင့်ချိန်ပြီးတော့ တိုက်ချက်ကို ဖွင့်ပေးရမယ်၊ အထူးသဖြင့်တော့ ကလေးသူငယ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်တဲ့ ကိစ္စမှာ လက်မနှေးသင့်ပါဘူး၊ စောလျှင်စွာ ဖွင့်ပေးသင့်ပါတယ်” ဟုပြောသည်။

အမျိုးသမီးမုဒိမ်းမှုများတွင် တိုင်ချက် ချက်ချင်း မဖွင့်ပေးသည့်အတွက် ပြုကျင့်ခံရသည့် အမျိုးသမီးကို ကျန်းမာရေးအရ စစ်ဆေးရန် နောက်ကျမည်ဖြစ်ကြောင်း၊ စွပ်စွဲခံရသည့် တရားခံ စစ်ဆေးဖို့ နောက်ကျသွားမည်ဖြစ်ကြောင်း နှင့် ရဲတပ်ဖွဲ့အနေဖြင့် အချိန်နှင့် တပြေးညီ ဖွင့်ပေးသင့်ပါကြောင်း ၄င်းက ဆက်လက် အကြံပြုထားသည်။

ရဲမှုခင်းမှတ်တမ်းတာဝန်ခံ ရဲမှူးဦးဝင်းအောင် က “ စခန်းမှူးတွေ အနေနဲ့ အခက်အခဲ မရှိပါဘူး၊ အမှုဖွင့်ပေးဖို့လည်း ဆွေးနွေးခဲ့ပါတယ်၊ ရဲအရေးပိုင်ရင် အမြန်ဆုံး ဆောင်ရွက်ပေးမယ်” ဟု ပြောသည်။

ယင်းဆွေးနွေးပွဲကို မော်လမြိုင်မြို့၊ အမျိုးသမီးများအတွက် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ မှဦးဆောင်ပြုလုပ်ခဲ့ပြီး အမျိုးသမီးများ နှင့် ကလေးသူငယ်များ အကြမ်းဖက်ခံရလျှင် ဌာနဆိုင်ရာများအနေနှင့် ပူးပေါင်းဆောင်ရွက်ပေးရန် တက်ရောက်လာသည့် လူမှုအဖွဲ့အစည်းအသီးသီးက အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။

လူထုကျန်းမာရေးစောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့ စီမံချက်မန်နေဂျာ ဒေါက်တာ နေခြည်လင်း က “ ဒီကနေ့ဆွေးနွေးပွဲမှာ ကျမတို့ ပြည်နယ်ရဲမှူးရဲ့ အကူအညီ အများကြီး ရခဲ့ပါတယ်၊ ရဲမှူးကြီးကိုယ်တိုင်ကလည်း လုပ်ခွင့်ပေးခဲ့တယ်၊ စခန်းတွေအားလုံးကလည်း ကျမတို့ကို ပိုပြီး ကူညီပေးလာနိုင်တယ်၊ အကြမ်းဖက်မှုတွေ ဖြစ်လာလျှင် ပြည်သူလူထုကို ကူညီစောင့်ရှောက်ဖို့ လိုအပ်တဲ့အရာတွေကိုလည်း စခန်းတွေရဲ့ ပူးပေါင်းပါဝင်မှု ပိုပြီး အားကောင်းလာမယ်” ဟု ပြောသည်။

အမျိုးသမီးများအတွက် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Case Management Group အဖွဲ့ကို ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ ၃ ဖွဲ့၊ အစိုးရမဟုတ်သော NGOs အဖွဲ့အစည်း ၁၃ ဖွဲ့၊ အရပ်ဖက် လူမှုအဖွဲ့အစည်း ၁၁ နှင့် ဖွဲ့စည်းထားပြီး အမျိုးသမီးများ နှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်ခံရမှုတွင် အဓိကထား ဆောင်ရွက်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts